စစ်ကောင်စီတပ်ကိုဆက်လက်တော်လှန်တိုက်ခိုက်နိုင်ရန် ဒီပဲယင်းမြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့အတွက် လက်နက်ခဲယမ်းအကူအညီများလိုအပ်နေကြောင်း သိရသည်။

ဒေသခံပြည်သူများ၏အကူအညီဖြင့်သာ လက်နက်ဝယ်ယူတပ်ဆင်နေရပြီး ကူညီထောက်ပံ့သည့်အဖွဲ့အစည်းများ မရှိသောကြောင့် ငွေကြေးအကူအညီများလိုအပ်နေခြင်းဖြစ်သည်ဟု Depeyin Local Mobile Team ၏ တာဝန်ခံဗိုလ်သုခက The 74 Media ကိုပြောသည်။

“တတ်နိုင်သလောက် လက်လှမ်းမီသလောက် ရှာဖွေစုဆောင်းပြီးတော့ တစ်ဖွဲ့ကိုတစ်လက်၊ နှစ်လက် ဝယ်ထားလေ့ရှိတာပေါ့။ ဒါပေမဲ့ သုံးစွဲရမယ့်လက်နက်အင်အားက မပြည့်ဘူးဖြစ်နေတယ်။ ဒီမှာကဝယ်လည်း မဝယ်နိုင်ကြဘူး၊ တောသူတောင်သားတွေပဲဆိုတော့ အလှူရှင်ကြီးကြီးတွေလည်း မရှိဘူးဗျ” ဟုပြောသည်။

စစ်ဆင်ရေးများဝင်ချိန်တွင်လည်း ချွေတာပစ်ခတ်ရပြီး အပြန်အလှန်ပစ်ခတ်မှုများတွင်လည်း လက်နက်ခဲယမ်း လုံလောက်မှုမရှိသောကြောင့် နောက်ပြန်ဆုတ်ရသည့် အခြေအနေများလည်း ကြုံခဲ့ရကြောင်း သူကဆက်ပြောသည်။

“စစ်ကြောင်းကို အနီးကပ်လိုက်ပြီး ပစ်တဲ့အခါမှာ ကျည်ကုန်သွားတော့ နောက်ကနေ ကျည်ထောက်ဖို့ လုပ်မပေးနိုင်ခဲ့ဘူး။ ဒီတိုင်းရှေ့တန်းက ရဲဘော်တွေကကျည်ကုန်ပြီး ပစ်ရင်းနဲ့ဆုတ်ပြီးပြန်လာခဲ့ရတဲ့ အဖြစ်မျိုးတွေ နှစ်ခါသုံးခါလောက်ကြုံဖူးပါတယ်” ဟုပြောသည်။

အသေးစားစစ်ဆင်ရေးတစ်ခုတွင် ကျည် အတောင့်ရာနှင့်ချီအသုံးပြုရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အသုံးများသော (၇.၆၂) ကျည်တစ်တောင့်လျှင် မြန်မာငွေ ကျပ်တစ်သောင်းခန့်ပေးဝယ်နေရသည်ဟု ဆိုသည်။

ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များအနေဖြင့် စစ်ကောင်စီတပ်ကို စုစည်းတိုက်ခိုက်လိုသောကြောင့် Depeyin Local Mobile Team ကိုဖွဲ့စည်းခဲ့ပြီး ရွှေဘိုခရိုင် တပ်ရင်း ၁၂ ၏ အမိန့်ပေးကွပ်ကဲမှု (chain of command) အောက်တွင် လှုပ်ရှားနေသော အဖွဲ့ဖြစ်ကြောင်း တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ရပ်ရွာပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) အသွင်နဲ့လုပ်ခဲ့ပေမဲ့ ဘာအကူအညီမှ မရခဲ့ဘူးပေါ့ဗျာ။ အခုက local အနေနဲ့ ရပ်တည်ပြီးတော့မှ အချင်းချင်းအဖွဲ့လေးတွေ ရပ်ရွာလေးတွေကနေစုပြီးတော့မှ စစ်ဆင်ရေးမှာ တာဝန်ခံနိုင်တဲ့ စစ်ရေးမှာကျွမ်းတဲ့သူတွေ စုစည်းပြီးတော့မှတိုက်နေတာပေါ့” ဟုပြောသည်။

အဆိုပါအဖွဲ့အနေဖြင့် စစ်ကောင်စီစစ်ကြောင်းကို ပြောက်ကျားတိုက်ခိုက်ခြင်း၊ အနှောင့်အယှက်ပေးခြင်း၊ စစ်ဆင်ရေး ရေးဆွဲပြီး စစ်ကောင်စီဂိတ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စုဝေးရာနေရာများတွင် ပစ်ခတ်မှုများ လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။

Depeyin Local Mobile Team အဖွဲ့သို့ လက်နက်ခဲယမ်းဝယ်ယူရန်အတွက် ငွေကြေးကူညီထောက်ပံ့လိုပါက ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာ https://www.facebook.com/Depeyin-Local-Mobile-Team-110041861985313/?ref=page_internal တွင် ဆက်သွယ်ထောက်ပံ့နိုင်ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့တွင်ပါဝင်ခဲ့သူများနှင့် လွန်ခဲ့သော သုံးလခန့်မှ စတင်ကာ Depeyin Local Mobile Team အဖြစ် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး NUG လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (MOD) အသိမှတ်ပြုသည့် အဖွဲ့အစည်းဖြစ်စေရန် လက်ရှိတွင် စည်းမျဉ်းစည်းကမ်းနှင့် ဖွဲ့စည်းပုံမူဝါဒများကို ရေးဆွဲနေသောအဖွဲ့ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့ကလည်း ဆပ်ပြာကျင်းကျေးရွာရှိ တူးမီးတိုက်ပွဲတွင် ကျဆုံးခဲ့သော ရဲဘော်များကို ရည်စူးပြီး စစ်ဆင်ရေး ရေးဆွဲပြီး ဘုတလင်မြို့နယ်ရှိ စစ်ကောင်စီကင်းဂိတ်တစ်ခုကို သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ကာ လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

သတင်း – Pan Soon

ဓာတ်ပုံ – Depeyin Local Mobile Team

 

သင့်ထင်မြင်ချက်ရေးပေးပါ