တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က‌ လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ထန်တလန်မြို့နယ်တွင် ယနေ့ နံနက် ၁၀ နာရီခန့်က ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ခွာဖိုကျေးရွာတွင် ဂျက်ဖိုက်တာနှစ်စီးဖြင့် လာရောက်ဗုံးကြဲသွားသဖြင့် ဒေသခံပြည်သူအများအပြားလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံပြည်သူအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ပွဲချင်းသေတာ ပါစတာရဲ့ သမီးအပါအဝင် ခုနှစ်ဦးလို့ သိရတယ်။ ဒဏ်ရာရတဲ့သူများတယ်တဲ့။ ကြားရသလောက်က ကလေးကနှစ်ယောက်ပေါ့။ ဒါပေမဲ့ သူတို့အသက်အရွယ်မသိ ရသေးဘူး။ ယောင်္ကျားလေးက တစ်ယောက်ဖြစ်မယ်ထင်တယ်။ မိန်းကလေးကတစ်ယောက်” ဟုပြောသည်။

အဆိုပါကျေးရွာသည် ထန်တလန်မြို့နှင့် ဆယ်မိုင်ခန့် အကွာတွင် တည်ရှိပြီး ဗုံးကြဲခံရသောကြောင့် နေအိမ် မီးလောင်ပျက်စီးမှုများရှိခဲ့ကြောင်း CNDF ၏ ပြန်ကြားရေးတာဝန်ခံ Salai Cung Ngai ကပြောသည်။

“အခုတလော ထန်တလန်မြို့ကို လေယာဉ်နဲ့ နေ့တိုင်းနီးပါ လာပစ်နေတယ်။ အဲ့မှာဘာမှလည်းမရှိဘူး တိုက်ပွဲလည်းမဖြစ်ဘဲ ရမ်းသမ်းပြီးပစ်သွားတဲ့ပုံစံမျိုး။ မြို့ထဲမှာတော့ အမြဲတမ်း ပစ်ခတ်မှုတော့ရှိနေကြတယ်” ဟုပြောသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိအခိုက်များမည်ကို စိုးရိမ်သောကြောင့် လေယောဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ယူဆကြောင်းနှင့် ထိခိုက်ပျက်စီးမှုနှင့်ပတ်သက်ပြီး အသေးစိတ်မသိရသေးကြောင်း သူကဆက်ပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများမှ ငွန်ဒေါသ့်၊ ဆုန်လှေ၊ လဲန်ဇီ၊ မခင်၏ မိခင်၊ ရှန်ကျုံးဘိခ့်၊ ဗန်ဒု၊ ကေ့လျန်နှင့် ကျုံးလှေဟူသည့် အမျိုးသားလေးဦးနှင့် အမျိုးသမီးလေးဦးကို သိရပြီး ထိခိုက်ဒဏ်ရာရရှိသူများကိုလည်း ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့အထိ ရက်ပေါင်း ၆၀ ကျော်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၉၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း Chinland Defense Force – Thantlang ၏ထုတ်ပြန်ချက်အရသိရသည်။

သတင်း – Pu Noi Tsawm

ဓါတ်ပုံ – The Chin Journal

သင့်ထင်မြင်ချက်ရေးပေးပါ