မြောင်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်စခန်းနှစ်ခု ယနေ့ နံနက် ၅ နာရီခွဲခန့်က ဝင်ရောက်စီးနင်းခံရပြီး ဒုတပ်ရင်းမှူးတစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ဆွဲလွဲအိုကျေးရွာရှိ စစ်ကိုင်းခရိုင်တပ်ရင်းအမှတ် (၁)၊ တပ်ခွဲ(၃) စခန်းတစ်ခုကို စစ်ကောင်စီ တပ်မ ၉၉ လက်အောက်ခံ ဘီလူးစစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်တိုက်ဂါး (မြောင်)က The 74 Media ကိုပြောသည်။

“စစ်ကြောင်းက ကင်းတွေ မိုင်းကွင်းတွေအကုန်ကွင်းလာပြီးတော့ ခဏယာယီနေတဲ့ စခန်းကို ဝင်စီးတာ။ ခုခံချိန်မရတော့ဘဲ အကုန်ရှောင်ပြေးလွှားရင်းကနေ နောက်ကျန်ခဲ့ပြီးတော့ ဦးခေါင်းကို သေနတ်မှန်ပြီးတော့ ကျသွားတာပေါ့နော်။ ခေါင်းဖြတ်သွားတယ် သူတို့ယူသွားတယ် ဘော်ဒီကို ချန်ခဲ့တယ်” ဟုပြောသည်။

ကျဆုံးခဲ့သူမှာ အသက် ၃၀ နှစ်ခန့်အရွယ်ရှိ ဒုတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်း ဆိုသူဖြစ်ကြောင်း သိရသည်။

မြောင်မြို့နယ်ရှိ T.G.R တပ်စခန်းတစ်ခုကိုလည်း ကျောက်ရစ်စခန်းရှိ စစ်ကောင်စီ စစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့် အဆက်အသွယ် မရနေကြောင်း T.G.R တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အဆက်သွယ်မရတာလေးတွေတော့ ရှိတယ်။ ကျောက်ရစ်ကို အထိုင်ချတဲ့ စခန်းက ကျွန်တော်တို့ T.G.R စခန်းကို ဝင်စီးတာ။ အခုချိန်ထိတပ်စွဲထားတော့ ဝင်မကြည့်ရသေးတော့ ပစ္စည်းပါမှုတော့ အတည်ပြုလို့မရသေးဘူး” ဟုပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့ကလည်း မြောင်မြို့နယ်၊ လက်ယက်မကျေးရွာအနီးတွင် အဆိုပါစစ်ကြောင်းကို ကင်းထောက်နေစဉ် အလှစ်ဝင်ရောက်တိုက်ခိုက်ခံခဲ့ရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ငါးဦး ကျဆုံးခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့ကလည်း မြောင်မြို့နယ်တွင်လှည့်လည်သွားလာနေသည့် အဆိုပါစစ်ကြောင်းနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးခန့်သေဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါစစ်ကြောင်းသည် မြင်းမူမြို့နယ်၊ တာတိုင်ကျေးရွာတွင် မတ်လ ၂ ရက်နေ့က ပြည်သူ ၁၇ ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် မတ်လ ၁၂ ရက်နေ့ကလည်း မြောင်မြို့နယ်အတွင်း ဝင်ရောက်ခဲ့ကာ ဒေသခံပြည်သူ သုံးဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

သတင်း – Nan Non

သင့်ထင်မြင်ချက်ရေးပေးပါ