ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်နယ်စပ်ရှိ ပင်လောင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ယနေ့ နံနက် ၁၁ နာရီခန့်က ကရင်နီပူးပေါင်းတပ်ဖွဲ့များ သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ် လုံးပြင်‌ကျေးရွာနှင့် တောင်မဲသင်းကျေးရွာကြား တောင်ပေါ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကရင်နီကာကွယ်‌ရေး ပူးပေါင်းတပ်ဖွဲ့က ခြောက်နာရီကြာ သွားရောက်ခဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆိုမြို့နယ် (DMO – PDF) ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက The 74 Media ကိုပြောသည်။

“ဒီနေ့ တိုက်ပွဲကျတော့ ပြင်းထန်တယ်ပေါ့နော်။ သူတို့စခန်းက တောင်ပေါ်မှာရှိတာဆိုတော့ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေက သွားတိုက်တာ‌ပေါ့။ စခန်းကိုတော့ ကျွန်တော်တို့ သိမ်းလို့တော့မရနိုင်ဘူးပေါ့နော်။ တိုက်ပွဲကြာချိန်ကတော့ တော်တော်ကြာသွားတယ်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ခြောက်လောင်းခုနှစ်လောင်းကတော့ တွေ့ရတယ်ပေါ့နော်” ဟု ပြောသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်နှစ်စီးဖြင့် ၂၄ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးကာ အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ကျဆုံးသွား‌သော ရဲဘော်မှာ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) က ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆိုမြို့နယ်၊ အလယ်ပိုင်းတိုင်း ဒီးမော့ဆိုမြို့နယ် အမှတ် – ၁၁၀၂ တပ်ရင်း၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) နှင့် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် (PDF – Pekhon) တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင်နီပူပေါင်းတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေသည်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့ကလည်း ကရင်နီပြည်နယ် ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီခြေကုပ်စခန်းတစ်ခုကို ကရင်နီပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့သည်။

သတင်း – Ma Di

ဓါတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆိုမြို့နယ်

သင့်ထင်မြင်ချက်ရေးပေးပါ