ဒေသခံပြည်သူများ နေ့စဉ်အသုံးပြုနေသော မြစ်ကြီးနား-တနိုင်း လီဒိုလမ်းမပေါ်ရှိ တိန်ကောက်ကျေးရွာ အနီးလမ်းတွင် စစ်ကောင်စီတပ်က မိုင်းထောင်ထားသောကြောင့် ဒေသခံပြည်သူများ သွားရေးလာရေးခက်ခဲနေကြောင်း သိရသည်။

တိန်ကောက်ကျေးရွာမှ နှစ်ဖာလုံခန့်အကွာရှိ ယုဇနလမ်းနယ်အမှတ် ၂၉-၃၁ ကြားတွင် မတ်လ ၂၀ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်က မိုင်းထောင်ထားသောကြောင့် သွားလာရန် ခက်ခဲနေခြင်းဖြစ်သည်ဟု အသက် ၅၀ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“မိုင်းထောင်ထားတာက ရွာနဲ့ တော်တော်နီးတယ်၊ အဲ့ဒီလမ်းက ရွာသားတွေအကုန်လုံးသွားလာတဲ့လမ်း၊ ခြံသွားတဲ့လမ်း ဟုတ်တယ်။ အများပိုင်းက သစ်သီးခြံသွားတယ်၊ မီးသွေးဖုတ်တဲ့နေရာဘက်သွားတယ် ရွာအနီးအနား ပတ်ဝန်းကျင်မှာပေါ့။ အဲ့ဒီမိုင်းထောင်ထားတဲ့နောက်ပိုင်း ဘယ်သူမှတောင် မသွားရဲကြတော့ဘူး” ဟုပြောသည်။

မိုင်းထောင်ထားသောနေရာသည် ဒေသခံပြည်သူများ၏ နွားလွတ်ကျောင်းခြင်း၊ မီးသွေးဖုတ်လုပ်ငန်းနှင့် လိမ္မော်ခြံလုပ်ငန်း လုပ်ကိုင်သော နေရာဖြစ်ကြောင်း သိရသည်။

ထိုနေရာတွင် ဒေသခံပြည်သူတို့၏ လိမ္မော်ခြံ ဆယ်ခြံကျော်ရှိပြီး ဖြတ်သန်းသွားလာရန် အန္တာရာယ်ရှိသောကြောင့် မိုင်းများကို ရှင်းလင်းစေလိုကြောင်း ဓမ္မအမှုတော်ဆောင်တစ်ဦးက ပြောသည်။

“လိမ္မော်ခြံတွေမှာဆို မြက်ပင်တွေ အမြဲရှင်းလင်းပေးနေရတာလေ၊ သွားရှင်းလို့ မရတော့ရင် လိမ္မော်ပင်တွေ ချုံထူပြီး အုပ်သွားမှာ။ ပြီးတော့ ရွာမှာက နွားလွတ်တဲ့နေရာလည်းဖြစ်တော့ နွားတွေကိုလည်း လိုက်ရှာလို့ မရတော့ဘူး။ ဘယ်သူ့ကို သွားပြောရမလဲဆိုတာလဲ မသိနဲ့ စစ်ကောင်စီတပ်ကို သွားပြောလို့လဲ မရနဲ့” ဟုပြောသည်။

မိုင်းထောင်ထားသောနေရာတွင် သတိပေးစာ ကပ်ထားခြင်း မရှိဘဲ ရွာလူကြီးများမှတစ်ဆင့် နှုတ်စကားဖြင့်သာ ဒေသခံများကို အသိပေးစေခဲ့ကြောင်း သူက ဆက်ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့ကလည်း အသက် ၁၁ နှစ်ခန့်အရွယ်ရှိ မောင်မုန်းဆန်အောင်ဆိုသူသည် မီးသွေးဖုတ်နေသော မိခင်ဆီသို့ ဆိုင်ကယ်ဖြင့်သွားရာ လမ်းတွင်မိုင်းပေါက်ကွဲကာ မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး သုံးရက်ခန့် ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။

တနိုင်းမြို့နယ်၊ တိန်ကောက်ကျေးရွာအုပ်စုတွင် အိမ်ထောင်စု ၂၆၀ ကျော်ရှိပြီး လူဦးရေ ၁၆၀၀ ကျော်နေထိုင်သည်။

သတင်း – Pan Soon

 

သင့်ထင်မြင်ချက်ရေးပေးပါ