ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅) နယ်မြေ၊ မူတြော်ခရိုင်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ယနေ့နံနက် ၇ နာရီခန့်က KNLA တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသိရသည်။

သံလွင်မြစ်ဘေးရှိ မယ်ခါးထာ့စစ်ကောင်စီ တပ်စခန်းတစ်ခုကို KNLA တပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့်သေဆုံးခဲ့သည်ဟု KNLA တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“အဲ့ဒါက ဒီနေ့ပဲလေ။ မနက်က သံလွင်ချောင်းဘေးက စစ်ကောင်စီတွေရဲ့ မယ်ခါးထာ့ တပ်စခန်း။ အရာရှိအပါအဝင် အယောက် လေးဆယ်ကျတယ်” ဟုပြောသည်။

အဆိုပါတပ်စခန်းသည် ထိုင်းနိုင်ငံနယ်စပ်ရှိ စစ်ရေးအရအရေးပါသော နယ်စပ်ခံစစ်စခန်းတစ်ခုဖြစ်ပြီး ယနေ့နံနက် ၅ နာရီခန့်မှ တိုက်ခိုက်ရာ နံနက် ၇ နာရီခန့်တွင် အပြီးရှင်းလင်းနိုင်ခဲ့ကြောင်းဒေသတွင်းသတင်းဌာန တစ်ခုဖြစ်သည် Karen Information Center – KIC တွင် ဖော်ပြထားသည်။

အဆိုပါစခန်းသိမ်းတိုက်ပွဲကြောင့် စစ်ကောင်စီတပ်က နယ်မြေအတွင်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်မည်ကိုစိုးရိမ်သဖြင့် ဒေသခံအချို့ထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရသည်။

KNU တပ်မဟာ (၁) နယ်မြေ ဒူးသထူခရိုင်ရှိ စစ်ကောင်စီလက်အောက်ခံ BGF တပ်စခန်းတစ်ခုကိုလည်း ယမန်နေ့ညက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း KNLA တပ်ဖွဲ့ဝင်က ဆက်ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မူတြော်ခရိုင် တပ်မဟာ (၅) နယ်မြေအတွင်း ပြီးခဲ့သည့်ဇန်နဝါရီလကလည်း စစ်ကောင်စီတပ်၊ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)နှင့် KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပေါင်း (၁၇၈) ကြိမ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

သတင်း – Nan Non

 

သင့်ထင်မြင်ချက်ရေးပေးပါ