စစ်ကိုင်းတိုင်း ရွှေဘိုမြို့တွင် ယနေ့နံနက် ကိုးနာရီခန့်က ဗုံးနှစ်လုံးပေါက်ကွဲမှုကြောင့် အရပ်သား ၁၉ ဦး ထိခိုက်ဒဏ်ရာရပြီး အမျိုးသားတစ်ဦးသေဆုံးကြောင်း သိရသည်။

ရွှေဘိုမြို့ အမှတ် (၆)ရပ်ကွက် ကားကြီးကွင်းအနီးတွင် ဗုံးနှစ်ကြိမ်ပေါက်ကွဲခဲ့ရာ အရပ်သားထိခိုက်သေဆုံးမှုများရှိကြောင်း ရွှေဘိုဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“တစ်နေရာထဲတော့ မဟုတ်လောက်ဘူး။ ကားကွင်းဘက်ကတံတားရယ်၊ တံတားမြောက်ဘက်က လက်ဖက်ရည်ဆိုင်ရှေ့မှာကို လဲနေတဲ့သူရှိတယ်လို့ သတင်းရတာပဲ” ဟုပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူများတွင် အသက်မပြည့်သေးသည့် ကလေးနှစ်ဦးလည်း ပါဝင်ကြောင်း ရွှေဘိုမြို့ခံ သံဃာတော်တစ်ပါးက မိန့်သည်။

“အစုံပဲ လည်ပင်း၊ ခါး၊ လက်၊ ခြေထောက်၊ ခေါင်း ဒဏ်ရာရကြတယ်။ တစ်ဝက်က ရွှေဘိုဆေးရုံကိုပို့တယ်။ စိုးရိမ်ရတဲ့အခြေအနေနဲ့ လည်ပင်းတွေ၊ ခေါင်းတွေထိတဲ့ ခြေထောက်နဲ့လက်တွေ ပြင်းပြင်းထန်ထန်ဒဏ်ရာရတဲ့ သူတွေကို မန္တလေးဘက်ပို့တယ်” ဟုပြောသည်။

ဗုံးပေါက်ကွဲသည့်ဖြစ်စဉ်တွင် ကလေးနှစ်ဦးအပါအဝင် အမျိုးသား ၁၂ ဦး နှင့် အမျိုးသမီးရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အမျိုးသားတစ်ဦးမှာ ဆေးရုံတွင်သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးခဲ့သော အမျိုးသားသည် မည်သူမည်ဝါဖြစ်ကြောင်း မသိရှိရသေးပါ။

ထိခိုက်ဒဏ်ရာရသူများအနက် စိုးရိမ်ရအခြေအနေတွင်ရှိသည့် အရပ်သားခုနှစ်ဦးမှာ မန္တလေးဆေးရုံကြီးတွင် ကုသမှုခံယူနေပြီး ကျန်အရပ်သားများမှာ ရွှေဘိုပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ဗုံး‌ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကို မသိရှိရသေးပါ။

ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့က ရွှေဘို – မန္တလေးကားလမ်းမပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အရပ်သားခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သတင်း- Yu San

ဓာတ်ပုံ- Myanmar Rescue Organization

သင့်ထင်မြင်ချက်ရေးပေးပါ