စစ်ရှောင်ပြည်သူများပြန်လည်အခြေချနေထိုင်လျက်ရှိသော ကျေးရွာသုံးရွာမှပြည်သူများအဓိကအားထားရသည့် ဒဘတ်ချောင်းဖျားတွင် ရွှေတူးဖော်နေသောကြောင့် ဒေသခံပြည်သူများဆန့်ကျင်ကန့်ကွက်လျက်ရှိသည်ဟု သိရသည်။

ဒဘတ်ယာန်ကျေးရွာ၊ ကဇူးကျေးရွာနှင့် ဂါးရာယာန်ကျေးရွာရှိ ဒေသခံများအားထားရာ ဒဘတ်ချောင်းအထက်တွင် ရေငုပ်ကျင်းဖောင် ၅၀ ခန့်နှင့် ရွှေဖောင် ဒေသအခေါ် ဂုန်ကလန်စက်ဖောင်တို့ဖြင့် ရွှေတူးဖော်မှုများကို ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ စတင်တူးဖော်နေခြင်းဖြစ်သည်ဟု ကဇူးကျေးရွာဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ဒီကိုပြန်ရောက်လာပြီး ရွာသားတွေ အကုန်သဘောတူထားတာကတော့ ဒီမှာရွှေမတူးဖို့ဆိုပြီး သဘောတူထားကြပြီးသား။ ဒါပေမဲ့ ရွာလူကြီးတွေကနေပြီး ဒီလိုရွှေတူးတာတွေ ဝင်လာတာကိုတော့ ပြန်ပြီးဆွေးနွေးတာမျိုးတွေ မလုပ်ခဲ့ဘူး။ အကုန်လုံးမတူးဖို့ သဘောတူထားတဲ့ကြားကနေ သူတို့က ရွာသားတွေနဲ့ ဘာမှမဆွေးနွေးတော့ဘဲ တူးလိုက်ကြတာပေါ့။ ခုဒီတစ်ခုဝင်လာပြီးဆိုတော့ နောက်ထပ်ဝင်လာတော့မှာပဲ” ဟုပြောသည်။

ဒေသခံများ၏ စိုက်ခင်းများရှိနေသည့်အပြင် ချောင်းဘေးတွင် တည်ထားသော ကျေးရွာများဖြစ်သည့်အတွက် အဆိုပါ ရွှေတူးဖော်မှု၏ နောက်ဆက်တွဲ ရေကြီးရေလျှံမှုများ၊ ကမ်းပါးပြိုကျမှုများ ဖြစ်ပွားလာမည်ကို စိုးရိမ်ကြောင်း သူကပြောသည်။

“ဒီစက်ကြီးက နေ့ညမပျက်တူးစားနေပြီးတော့မှ ဒီချောင်းအလယ်မှာတူးပြီဆိုရင် မြေစာတွေက ရေလယ်မှာပုံနေရင်တော့ ဒီရေလမ်းကြောင်းကလည်း ပြောင်းပြီး မိုးရာသီတွေရောက်ရင်တော့ ရေက ကြိုက်တဲ့လမ်းဘက်ပြောင်းသွားတော့မှာလေ။ အဲ့ကျရင်တော့ ရေက ကမ်းပါးတွေကိုရိုက် ပြိုကျ၊ အခင်းတွေပျက်စီးတာတွေ ဖြစ်ဖို့ကတော့ သေချာပြီပေါ့” ဟုပြောသည်။

ဒဘတ်ချောင်းသည် ဒဘတ်ယာန်ကျေးရွာ၊ ကဇူးကျေးရွာနှင့် ဂါးရာယာန်ကျေးရွာရှိ နေရပ်ပြန်စစ်ရှောင်ဒေသခံများ သောက်သုံးရေအပါအဝင် စိုက်ခင်းများအတွက် အဓိက အသုံးပြုနေသော ချောင်းရေဖြစ်သောကြောင့် ရွှေတူးဖော်မှုကို ကန့်ကွက်ရခြင်းဖြစ်သည်ဟု ဂါးရာယန်ကျေးရွာဒေသခံ တစ်ဦးက ‌ပြောသည်။

“နေရပ်ပြန် စစ်ရှောင် ဒီရွာသုံးရွာအတွက် အသက်သွေးကြောက ဒီဒဘတ်ချောင်းပဲ။ ဘာလို့ဆိုရင် ဒီရွာတွေက အဲ့ချောင်းဘေးနားမှာ တည်ထားတဲ့ရွာတွေ။ ဒီလိုမျိုး ချောင်းအထက်မှာ ရွှေတူးတာကို ခိုးကြောင်ခိုးဝှက်လုပ်နေတဲ့အတွက် ကန့်ကွက်ဖို့လိုအပ်တယ်လို့မြင်တယ်။ ခုလိုမျိုးရွှေတူးတဲ့အတွက် နောက်ဆက်တွဲလူငယ်တွေ ဒီ‌ရွှေတူးတဲ့အတွက် ပြဒါးတွေကြောင့် ပျက်စီးသွားနိုင်တဲ့အတွက် ပိတ်ပင်ချင်တာပါ” ဟုပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့က ဒဘတ်ယာန်ကျေးရွာတွင် ပြုလုပ်ခဲ့သော ရွှေတူးဖော်မှုနှင့်ပတ်သက်ပြီး အစည်းအဝေးတွင် ဒေသခံများက ကန့်ကွက်ခဲ့သော်လည်း ကျေးရွာလူကြီးက ရွှေတူးဖော်မှုကို ပြုလုပ်ခွင့်ပေးရန် ပြောဆိုဆွေးနွေးလာကြောင်း ဒဘတ်ယန်ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ပြီးခဲ့တဲ့ရက်က ဒီချောင်းဖျားမှာ ရွှေတူးတာနဲ့ ပတ်သက်ပြီးတော့ အစည်းအဝေးလုပ်ကြတာတော့ဟုတ်တယ်။ အဲ့ဒီမှာ ရွာလူကြီးက ဒီလိုချပြခဲ့တယ်။ ဒီရွှေမှော်ကို ဖွင့်ရအောင်ဆိုတဲ့ သဘော‌ပေါ့နော် အဲ့လိုမျိုးပြောလာတယ်။ တောင်ယာ အခင်းလုပ်တဲ့သူတွေရှိတဲ့သူတွေကတော့ ဒီဟာကို မဝင်ခိုင်းရအောင်ဆိုပြီးတော့ပြောကြတယ်” ပြောသည်။

ဒေသခံပြည်သူများက ဆန့်ကျင်ကန့်ကွက်မှုများရှိခဲ့သော်လည်း လက်နက်ကိုင်တပ်ဖွဲ့များဖြစ်ကြသည့် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIO/KIA) တို့က ရွှေတူးဖော်ခွင့်ချပေးခဲ့ပါက လုပ်ငန်းရှင်များဆက်လက်တူးဖော်ကြမည်ဖြစ်ကြောင်း ရွာလူကြီးဖြစ်သူက ရှင်းပြခဲ့သည်ဟု သူက ဆက်ပြောသည်။

ဒေသခံများ၏အဆိုအရ အဆိုပါ ဒဘတ်ချောင်းဖျားတွင် ရွှေတူးဖော်နေသူများမှာ ဒေသအခေါ် ဂုန်ကလန် စက်ဖောင် နှစ်ခုပိုင်ဆိုင်သူမှာ လောပန်းအင်ဘွေနော်ဖြစ်ပြီး အခြား ရေငုပ်ကျင်းဖောင် ၂၀ ခန့်၏ ပိုင်ရှင်များမှာမူ မည်သူမည်ဝါဖြစ်ကြောင်း မသိရှိရသေးဟုဆိုသည်။

ဒေသခံများသဘောတူညီခြင်းမရှိဘဲ ရွှေတူးဖော်နေသူများကို The 74 Media က ဆက်သွယ်ရန် ကြိုးစားနေဆဲဖြစ်သည်။

ဒဘတ်ချောင်းတွင် ဘက်ဟိုးစသည့် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေသောကြောင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလက ဒေသခံများက ကချင်လွတ်မြောက်ရေးတပ် (KIA) ထံ ကန့်ကွက်စာတင်ပြီး ရပ်ဆိုင်းနိုင်ခဲ့သော်လည်း စက်ဖောင်ဖြင့် ရွှေတူးဖော်မှုကို ဖေဖော်ဝါရီလက ပြန်လည်တူးဖော်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလကစပြီး ဒဘတ်ယန်ကျေးရွာတွင် နေရပ်ပြန် စစ်ရှောင်ပြည်သူ စုစု‌ပေါင်း တစ်ထောင်ကျော်၊ ဂါးရာယန်ကျေးရွာတွင် နေရပ်ပြန် စစ်ရှောင် လူဦးရေစုစုပေါင်း ငါးရာခန့် နှင့် ကဇူးကျေးရွာတွင် နေရပ်ပြန် စစ်ရှောင်လူဦးရေစုစုပေါင်း ခုနှစ်ရာကျော် ပြန်လည်အခြေချနေထိုင်ခဲ့သည်။

ဒဘတ်ယန်ကျေးရွာ၊ ဂါးရာယန်ကျေးရွာနှင့် ကဇူးယန်ကျေးရွာဒေသခံများသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် တကျော့ပြန်စစ်ပွဲကြောင့် ၁၀ နှစ်ကြာတိမ်းရှောင်ခဲ့ပြီးနောက် ပြန်လည်အခြေချနေထိုင်ခဲ့သော နေရပ်ပြန်စစ်ရှောင်များဖြစ်သည်။

သတင်း – Ma Di

 

သင့်ထင်မြင်ချက်ရေးပေးပါ