စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သော နှစ်ရက်အတွင်း ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့် သေဆုံးခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦးကျဆုံးခဲ့ကြောင်း သိရသည်။

တပ်မတော်နေ့အကြိုအဖြစ် ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့တို့တွင် ကျုံဒိုးမြို့ရှိ စစ်ကောင်စီတပ်စခန်းသုံးခုကို သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Lion Battalion Commando – ဗျူဟာစစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ရှိသူက The 74 Media ကိုပြောသည်။

“စစ်တပ်က အမှန်တော့ပြိုလဲနေပြီ။ ဖုံးကွယ်ဖို့အတွက် တပ်မတော်နေ့ကို ခမ်းခမ်းနားနားလုပ်မယ်။ ဒါပေမဲ့ စစ်သည်အင်အား မလုံလောက်မှုကြောင့် စစ်သားမယားတွေ၊ စစ်သားမိန်းမတွေ ရဲမေတွေကို စစ်ရေးပြ လျှောက်ခိုင်းတာမျိုးတွေရှိတယ်။ အဲ့လိုပဲ ကျွန်တော်တို့ဘက်ကလည်း စည်းလုံးမှုကို ပြသဖို့အတွက် တပ်မတော်နေ့မတိုင်ခင်မှာ မဟာဗျူဟာချပြီးတော့မှ တိုက်ပွဲတွေကိုဖော်ဆောင်ခဲ့တာပေါ့။ တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ပြီးတော့ လှုပ်ရှားခဲ့တာ” ဟုပြောသည်။

ကျုံဒိုးမြို့အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၅၄၅) (၅၄၆)၊ ကျုံဒိုးရဲစခန်း၊ ဂျိုင်းတံတားနှင့် ငါးတိုင်အလယ်တန်းကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်တို့ကို Lion Battalion Commando – ဗျူဟာစစ်ကြောင်း၊ ကရင့်တော်လှန်ရေးတပ်ဖွဲ့များနှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း Lion Battalion Commando – ဗျူဟာစစ်ကြောင်းမှ ရဲဘော်မိုးသက်မောင်မောင်(ခ) အရှည်ကြီး၊ ရဲဘော်မျိုးကြီးနှင့် ရဲဘော်သရဲနီတို့ ကျဆုံးခဲ့ကြောင်းသိရသည်။

ယနေ့နံနက်ကလည်း KNU တပ်မဟာ ၅ နယ်မြေရှိ မယ်ခါးထာ့စစ်ကောင်စီတပ်စခန်းတစ်ခုကို KNLA တပ်ဖွဲ့က သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးခန့် သေဆုံးခဲ့ကာ လက်နက်ခဲ့ယမ်းအချို့လည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အာရှလမ်းမကြီးပေါ်တွင် မတ်လ ၂ ရက်နေ့က စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

သတင်း – Nan Non

ဓါတ်ပုံ – စစ်ကောင်စီဝါဒဖြန့် နန်းငယ်တယ်လီကရမ်ချန်နယ်နှင့် Lion battalion commando- ဗျူဟာစစ်ကြောင်း

သင့်ထင်မြင်ချက်ရေးပေးပါ