ကရင်နီပြည်နယ် ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီခြေကုပ်စခန်းတစ်ခုကို ကရင်နီပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့ မွန်းလွှဲ ၁ နာရီခန့်က ဘောလခဲမြို့နယ်နှင့် မယ်စဲ့မြို့နယ် အစပ်ရှိ စစ်ကောင်စီတပ်အခေါ် ဘီပီ (၁၁) ခြေကုပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ (KnMIC)၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက The 74 Media  ကိုပြောသည်။

“အဲ့စခန်းက အရင်ကတော့ လူများတယ်။ ဒါပေမဲ့ ခုနောက်ပိုင်းက ဘာမရှိကြတော့ဘူးလေ။ အဲ့နေ့က အလောင်းသုံးလောင်းတွေ့တယ်။ ပြီးတော့ လက်နက်တွေလည်း သိမ်းဆည်းရရှိတယ်။ တခြားလူတွေကတော့ အကုန်ထွက်ပြေးသွားကြတာပေါ့။ ပြီးရင် အဲ့စခန်းသိမ်းပြီး မီးရှို့လိုက်တယ်” ဟုပြောသည်။

အဆိုပါ တိုက်ပွဲတွင် ကရင်နီပူး‌ပေါင်းတပ်ဖွဲ့မှ ထိခိုက်သေဆုံးမှု မရှိကြောင်း သူက ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းသုံးလောင်းနှင့် ၆၀ မမ အပါအဝင် သေနတ် လေးလက် သိမ်းဆည်းရရှိခဲ့သည်ဟု သူက ဆက်ပြောသည်။

အဆိုပါ တိုက်ပွဲကို ကရင်နီတပ်မတော် (KA) တပ်ရင်း ၅၊ တပ်ရင်း ၂ နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့ ပူး‌ပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကရင်နီပြည်နယ် ဒီး‌မော့ဆိုမြို့နယ် ဒေါတမကြီးကျေးရွာတွင် ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့မှစတင်ပြီး သုံးရက်တာဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၉၀ ဦး ထက်မနည်း သေဆုံးကာ လက်နက်ကြီးလက်နက်ငယ်များကို ကရင်နီပူး‌ပေါင်းတပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့သည်။

သတင်း – Ma Di

ဓါတ်ပုံ – ကရင်နီတပ်မတော် တပ်ရင်း ၅

သင့်ထင်မြင်ချက်ရေးပေးပါ