ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ နမ့်လန်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က အရပ်သားပြည်သူ ဆယ်ဦးခန့်ကို ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

 

ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့က နမ့်လန်၊ နောင်လက်ကြီးနှင့် ဝင်ဝကျေးရွာမှ ဒေသခံပြည်သူ ဆယ်ဦးခန့်ကို စစ်ကောင်စီတပ်က ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရွှေကူဒေသခံ စစ်ရှောင်အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

 

“နမ့်လန်(ရွာ)က တစ်ယောက်ကိုတော့ လက်ကြိုးတုပ်ပြီး ရိုက်နှက်တယ်တဲ့။ ဖမ်းမိပြီး လွတ်လာတဲ့ တစ်ယောက်ပြောတာ။ စစ်ကြောင်းဝင်တဲ့နေ့ရယ်၊ နောက်နေ့ရယ် ရွာထဲ တိတ်တဆိတ်ပြန်ဝင်ကြတာ။ ထွက်ပြီဆိုပြီး ရွာထဲပြန်ဝင်ကြတာလေ” ဟုပြောသည်။

 

စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ (၁၀)နှင့် ခလရ (၇၇) ပူးပေါင်းစစ်ကြောင်းမှာ ကျေးရွာတွင်း ပိတ်မိနေသည့် ဒေသခံများကို နမ့်လန်ကျေးရွာဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထားခြင်းဖြစ်သည်ဟု ရွှေကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံကပြောသည်။

 

“သူတို့က (စစ်ကောင်စီ) ကျွန်တော်တို့ဘက်က အကြီးအကျယ်သွားရောက်ပစ်ခတ်မှာစိုးလို့ ဓားစားခံအနေနဲ့ ဖမ်းဆီးခေါ်ဆောင်ထားတာ။ အရင်တုန်းက ၃၀ (ဖမ်းဆီးခံရသည့်အရပ်သားအရေအတွက်) လောက်ရှိတယ်ကြားရပြီး ၂၆ ရက်နေ့မှာဖြစ်သွားတဲ့ နမ့်လန်(ရွာ)တိုက်ပွဲမှာ ထွက်ပြေးလွတ်မြောက်သွားတာတွေရှိတယ်လို့ကြားတယ်” ဟုပြောသည်။

 

ဖမ်းဆီးခံသူများမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရှိရသေးပါ။

 

လက်ရှိ အဆိုပါကျေးရွာသုံးရွာမှ ဒေသခံများအပြင် ရွှေကူမြို့နယ်ရှိ မံဝိန်း၊ စီမူကြီး၊ စီမူလေး၊ စီသောင်၊ စီသော်နှင့် ငှက်တံတားကျေးရွာမှ ဒေသခံပြည်သူ ငါးထောင်ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

 

ရွှေကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အရပ်သားပြည်သူများကို စစ်ကောင်စီစစ်ကြောင်းများနှင့် နီးကပ်စွာသွားလာနေထိုင်ခြင်းမပြုလုပ်ရန်၊ တိုက်ပွဲဖြစ်ပွားနေသည့် နယ်မြေအတွင်း ဖြတ်သန်းသွားလာလိုပါက သတင်းစုံစမ်းပြီးသွားလာကြပါရန် သတိပေးချက်ထုတ်ပြန်ထားသည်။

 

မတ်လ ၂၃ ရက်နေ့မှစတင်ပြီး ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA)၊ KPDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေသည့် အခြေအနေတွင် ရှိနေဆဲဖြစ်ကြောင်း သိရသည်။

 

မတ်လ၂၅ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားရာအနီးမှ ကျေးရွာများဖြစ်သည့် စီသောင်၊ မံဝိန်းနှင့် စီမူလေးကျေးရွာကို တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့သည့်အတွက် နေအိမ်နှစ်လုံးပျက်စီးခဲ့ပြီး နွားငါးကောင်သေဆုံးခဲ့သည်။

 

သတင်း- Yu San

ဓာတ်ပုံ- AFP (ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ