စစ်ကောင်စီတပ်က စစ်ကြောင်းဝင်ရောက်လာချိန် လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ယမန်နေ့ညနေ သုံးနာရီခွဲခန့်က ဒီပဲယင်းမြို့နယ်မှ ပြည်သူလေးဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မုံရွာမြို့ အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းက စိုင်ပြင်မြို့ကို ဝင်ရောက်စဉ် ရမ်းသမ်းပစ်ခတ်ခဲ့သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု စိုင်ပြင်မြို့အနီးနေထိုင်သည့် ပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။

“လက်နက်ကြီးထုတော့ ပြည်သူနေအိမ်ကိုကျတယ်။ ဖြစ်ဖြစ်ချင်း နှစ်ယောက်ဆုံးသွားတယ်။ ခြောက်ယောက်ဒဏ်ရာရတယ်။ ပြီးတော့ ဒီမနက်ကပဲဒဏ်ရာရတဲ့ ခြောက်ဦးထဲက နှစ်ဦးပြန်ဆုံးသွားတာ။ မြို့ထဲက အကုန်ရှောင်ကြတာဆိုတော့ အတိအကျမသိရဘူး” ဟုပြောသည်။

အဆိုပါမြို့အတွင်းရှိ နေအိမ်များကို စစ်ကောင်စီတပ်က ဝင်ရောက်မွှေနှောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး မြို့ခံပြည်သူ ၈၀၀ ခန့်ကလည်း ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သူကဆက်ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးရမ်းသမ်းပစ်ခတ်ကာ ဝင်ရောက်ခဲ့သောကြောင့် ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒီပဲယင်းမြို့နယ်စစ်ရှောင်ကူညီရေးအဖွဲ့ တာဝန်ခံတစ်ဦးက ပြောသည်။

“စစ်ကောင်စီဘက်ကနေပြီးတော့ ရွာထဲကို ဝင်ပြီးဆိုရင် လက်နက်ကြီး လက်နက်ငယ်ရမ်းပစ်တာတွေက လုပ်နေကြပဲ။ အခုလည်း ရွာထဲကိုဝင်ပြီး လက်နက်တွေပစ်တော့ ပြည်သူထိခိုက်တာပေါ့။ အဲ့တာက သူတို့ရဲ့ ထုံးစံလို ဖြစ်နေပြီ” ဟုပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းက ဒီပဲယင်းမြို့နယ်ထဲရောက်ရှိနေသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်ပြီး စစ်ကြောင်းသွားသည့် လမ်တစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူများ၊ နာမကျန်းသူများ၊ သက်ကြီးရွယ်အိုများနှင့် ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်သွားကာ စစ်ဆေးမေးမြန်းခြင်းနှင့် နေအိမ်မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြောင်း သူကဆက်ပြောသည်။

လက်နက်ကြီးထိခိုက်သေဆုံးခဲ့သည့် မိသားစုဝင်လေးဦးတွင် အသက် ၁၃ နှစ်ခန့်အရွယ်ရှိ ကလေးတစ်ဦးပါဝင်ကြောင်း ကနဦးသိရသော်လည်း The 74 Media က အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

လက်ရှိအချိန် ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ကြား စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း စိုင်ပြင်မြို့တွင် ဝင်ရောက်တပ်စွဲထားကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့ကလည်း အဆိုပါစစ်ကြောင်းက ဘုတလင် – စိုင်ပြင်လမ်းရှိ ကျေးရွာများမှ ဒေသခံ ၄၀ ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်ကာ လူသားဒိုင်းအဖြစ်အသုံးပြုခဲ့ကြောင်း သိရသည်။

သတင်း – Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ