မိုးကောင်းမြို့နယ်၊ ပင်းဘောကျေးရွာတွင် ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းကို ဒေသခံများကန့်ကွက်နေပြီး အမြန်ဆုံးပိတ်သိမ်းပေးစေလိုကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ဒုတိယပတ်ကစပြီး အဆိုပါလောင်းကစားဝိုင်းကို စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ပင်းဘောကျေးရွာအုပ်စု၊ ပင်းကြိုင်းကျေးရွာဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ကြားသိရသလောက်ဆို မြို့နယ်ကိုတက်ပြီးတော့ လိုင်းဆွဲထားတဲ့အနေအထားရှိတယ်။ ရဲစခန်းမှူးအခု အသစ်ပြန်ပြောင်းလာတာရှိတယ်လေ။ သူကတွဲပြီးခေါ်ခဲ့တဲ့ အနေအထားရှိတယ်။ ပထမတစ်ယောက်(စခန်းမှူး)က ချိန်းပြီးတော့ နောက်တစ်ယောက်ရောက်လာတဲ့အချိန်မှာ လောင်းကစားနဲ့တွဲပြီးတော့ ရောက်လာတာလေ” ဟုပြောသည်။

လောင်းကစားဝိုင်းစတင်ဖွင့်လှစ်ပြီးချိန်မှစပြီး ပင်းဘောကျေးရွာအုပ်စုအတွင်း ဆိုင်ကယ်ပျောက်ခြင်း၊ နွားပျောက်ခြင်းများနှင့် လူမှုရေးပြဿနာများ အဖြစ်များလာကြောင်း သူကဆက်ပြောသည်။

“ဆိုင်ကယ်တွေပျောက်တယ်ဗျာ။ ကျွဲ၊ နွားခိုးခံရတာတွေပေါ်ပေါက်လာတယ်။ နောက်ပြီးတော့ လင်မယားတွေ ရန်ဖြစ်လာတယ်။ ခါတိုင်းဆို ဆိုင်ကယ်လည်း မပျောက်ဘူး။ ကျွဲနွားတွေလည်းမပျောက်ဘူး။ ပြောမယ်ဆိုရင် သူတို့ကဖွင့်တယ်။ သူတို့ကဖွင့်တော့ ဒေသခံတွေကလည်း အကြံတွေ၊ ဥာဏ်တွေဖြစ်လာတာပေါ့ ခိုးဖို့အတွက်” ဟုပြောသည်။

လောင်းကစားဝိုင်းကို အမှတ်(၄) ရပ်ကွက်၊ ပင်းဘောဘူတာရုံအနီးတွင် ဖွင့်လှစ်ထားပြီး ‌ခြောက်ကောင်ဂျင်၊ ရှမ်းကိုးမီးဖဲနှင့် ဂျင်ဝိုင်းအမျိုးအစားလောင်းကစားတို့ဖြစ်ကြောင်း သိရသည်။

လောင်းကစားဝိုင်းဖွင့်ပြီး သုံးရက်အကြာတွင် ပင်းဘောကျေးရွာအုပ်စုအတွင်းရှိ ကုန်းတန်းကြီး၊ ဗန်းမောက်ကုန်းနှင့် ပင်းကျိုင်းကျေးရွာများတွင် ဆိုင်ကယ်ခုနှစ်စီးနှင့် နွားငါးကောင်ထက်မနည်းပျောက်ဆုံးခဲ့ပြီး အိမ်သုံးလျှပ်စစ်ပစ္စည်းများပါ ခိုးယူခံရကြောင်း အသက်၅၀ အရွယ် ပင်းဘောဒေသခံအမျိုးသားတစ်ဦးကဆိုသည်။

“ဒေသခံတွေအနေနဲ့ သဘောမတူတာပေါ့အေ။ ကျွန်တော်တို့ကို ရင်ဖွင့်တာကတော့ မရှိစေချင်ဘူးပေါ့ ဒါမျိုးတွေ။ လောင်းကစားရုံရှိတာမကြိုက်ဘူးပေါ့။ အုပ်ချုပ်ရေးမှူးကိုသွားတိုင်တော့လည်း သူတို့နဲ့မဆိုင်ဘူးပြောခဲ့တယ်။ အဲ့လိုဆိုတော့ ဘယ်သူ့တိုင်လို့ တိုင်ရမယ်မှန်းမသိဘူးပေါ့အေ အနေအထားကတော့” ဟုပြောသည်။

လောင်းကစားဝိုင်းရှိနေခြင်း၏ နောက်ဆက်တွဲအနေဖြင့် ခိုးမှု၊ လုယက်မှု၊ လူသတ်မှုများပါ ဖြစ်ပေါ်လာမည်ကို ဒေသခံများစိုးရိမ်နေကြောင်း သိရသည်။

အဆိုပါလောင်းကစားဝိုင်းတွင် နေ့စဉ်လာရောက်ဆော့ကစားသည့် လူဦးရေ သုံးဆယ်ထက်မနည်းရှိပြီး လောင်းကစားဝိုင်းကို မွန်းလွှဲ သုံးနာရီမှ စပြီး ည ၁၁ နာရီထိဖွင့်လှစ်နေပြီး ရံဖန်ရံခါ ညလုံးပေါက် ဖွင့်လှစ်နေကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝှမ်းတွင် စစ်ကောင်စီလက်အောက်ခံ စစ်တပ်နှင့် ရဲများကိုအခွန်အခပေးပြီး လုပ်ကိုင်နေသည့် လောင်းကစားဝိုင်းများ ပိုမိုများပြားလာသည့်အပြင် နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် ခိုးမှု၊ လုယက်မှုများလည်း ပိုများလာကြောင်းသိရသည်။

သတင်း – Yu San

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ