မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်တွင် ယမန်နေ့ ညနေ ၅ နာရီခွဲခန့်တွင် နေအိမ်နှစ်လုံး မီးလောင်ခဲ့ကြောင်း သိရသည်။

ရာဒါကောင်(ဘီ)နယ်မြေ၊ သုသာန်သွားရာလမ်းရှိ ဝါးထရံကာနှစ်ထိပ်အိမ် တစ်အိမ်နှင့် ဆိုင်ခန်းတစ်ခန်း မီးလောင်ကျွမ်းခဲ့သည်ဟု ရာဒါကောင်ဘီနယ်မြေမှ အမျိုးသမီးတစ်ဦးက The 74 Media ကို ပြောသည်။

“မီးလောင်တာက ဘေးကအိမ်ဘက်တောင် ကူးသွားတာ။ မီးခိုးတွေလည်း မည်းနေတာပဲ၊ စလောင်တဲ့အိမ်က အပြောင်ပဲ၊ တိုင်တွေပဲကျန်တာ။ အဲ့ဒီအိမ်ထဲမှာ လမ်းမလျှောက်နိုင်တဲ့လေဖြတ်နေတဲ့ အဘိုးတစ်ယောက်လည်း ရှိတယ်၊ တော်သေးတယ် ဘာမှမဖြစ်သွားလို့” ဟုပြောသည်။

ဝါယာရှော့ခ်ကြောင့် နှစ်ထပ်အိမ်မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး အခြားဆိုင်ခန်းတစ်ခုကိုလည်း မီးကူးစက်လောင်ကျွမ်းခဲ့ကာ အခြားထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကြားရတာကတော့ ဝါယာရှော့ခ် ဖြစ်ဖို့များတယ်။ ဘူးဂါးလျှပ်စစ်ရုံးက လူတွေလည်း မီတာဘောက်ကြီး ကိုင်ထားတာ တွေ့ရတယ်၊ သူတို့အချင်းချင်းစကားပြောနေတာလည်း ကြားခဲ့ရတယ်” ဟုပြောသည်။

မီးစတင်လောင်ကျွမ်းချိန်မှ နာရီဝက်အတွင်း မီးသတ်ကား နှစ်စီး၊ ရေသယ်ကား လေးစီးဖြင့် မီးငြိမ်းသတ်လိုက်နိုင်ကြောင်း သူက ဆက်ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့ညကလည်း မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်တွင် ဒူဝါဇော်ရစ်လမ်း ဒေသအခေါ် ဂျပန်လမ်းရှိ နေအိမ်တစ်အိမ်တွင် အမှိုက်မီးရှို့ရာမှ နေအိမ်သုံးလုံးမီးလောင်ပျက်စီးခဲ့ကြောင်းသိရသည်။

သတင်း – Pan Soon

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ