ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ ညောင်ကုန်းကျေးရွာအနီးတွင် စစ်ကောင်စီလက်အောက်ခံ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ထောက်လှမ်းရေးအရာရှိတစ်ဦး ယမန်နေ့ မွန်းလွှဲ တစ်နာရီခန့်က ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

စရဖအရာရှိနှင့် အမျိုးသားတစ်ဦး မောင်းနင်လာသော HONDA Fit အမျိုးအစား မော်တော်ယာဉ်ကို ညောင်းကုန်းကျေးရွာအနီးရှိ ပြည်ထောင်စုလမ်းမပေါ်တွင် နမ္မား KPDF မှ ပစ်ခတ်ခဲ့ကြောင်း မိုးညှင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက The 74 Media ကို ပြောသည်။

“ကုန်ကားတွေ၊ ဆီကားတွေစီက ပိုက်ဆံတွေ လိုက်ကောက်နေတာ။ ပြီးတော့ မိုးညှင်းအတွင်းရှိ CDM တွေ၊ နိုင်ငံရေးသမားတွေကို ဖမ်းပြီးနှိပ်စက်နေတာ။ အိမ်စီးကားနဲ့ နမ္မားဘက်ကနေ မိုးညှင်းဘက်ကို ပြန်တဲ့လမ်းဘက်မှာ စောင့်ပြီးပစ်သတ်လိုက်တာ” ဟု ပြောသည်။

ပစ်သတ်ခံရသူ စရဖအရာရှိမှာ မိုးညှင်းမြို့တွင် နေထိုင်သည့် အသက် ၃၀ ခန့်အရွယ်ရှိ ဦးလမင်းထွန်းဆိုသူဖြစ်ပြီး အခြားအမျိုးသားမှာ သေဆုံးခြင်းမရှိခဲ့ကြောင်းသိရသည်။

ကားမှန်တွင် သေနတ်ပစ်ခတ်ခံထားရသည့် ကျည်ပေါက်ရာများနှင့် သေနတ်ကျည်ခွံများတွေ့ရှိခဲ့ကြောင်း အသက် ၃၀ခန့်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“လမ်းမပေါ်မှာကြီး အိမ်စီးကားမှန်မှာတွေ သေနတ်ပစ်ထားတဲ့ အပေါက်ငါးပေါက်လောက်တွေ့ခဲ့တာ။ လူကတော့မတွေ့တော့ဘူး။ ဘာဖြစ်ထားတာလည်းတော့ မသိဘူး။ ကားတံခါးကြီးလည်း ဖွင့်လျက်ကြီး ကားသော့တွေရော တန်းလန်းကြီး တံခါးဖွင့်ထားတဲ့ဘက်မှာက ဘောင်းဘီတစ်ထည်နဲ့ ပုဆိုးတစ်ထည်တော့တွေ့ခဲ့တယ်။ ကားအောက်မှာတွေက ဆီတွေအများကြီး ကျနေတာတွေ့တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ရက်နေ့က မိုးညှင်းမြို့နယ် နမ္မားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်ဟုဆိုသူ အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

သတင်း – Nan Sandar Aye

ဓာတ်ပုံ – ပစ်သတ်ခံခဲ့ရသည့် စစ်ဖက်ရေးရာလုံခြုံရေး (စရဖ) ထောက်လှမ်းရေးအရာရှိ ဦးလမင်းထွန်း။

သင့်ထင်မြင်ချက်ရေးပေးပါ