ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီမြေစာသယ်ကားတက်ကြိတ်သဖြင့် ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာအနီးရှိ ရေမဆေးသမားတစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

ဆောင်းချိန်ကျေးရွာရှိ ဖိုးကံကျောက်စိမ်းကုမ္ပဏီလုပ်ကွက်အနီး မတ်လ ၂၅ ရက် ည (၇) နာရီခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု အသက် ၃၀ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“မျက်မြင်တွေတဲ့သူပြောတာကတော့ ဆိုင်ကယ်သမားက ကားဘီးအောက်ဝင်သွားတာလို့ပြောတယ်။ မိုးတွေလည်းရွာထားတော့ ဆိုင်ကယ်ဘီးချော်ပြီး ဝင်သွားတော့ ကားဘီးနဲ့ကြိတ်သွားတာ” ဟုသူကပြောသည်။

သေဆုံးခဲ့သူမှာ အသက် ၃၀ နှစ်ခန့်အရွယ်ရှိ ဦးပွားဌေးဆိုသူဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်မောင်းနင်သူကိုတက်ကြိမ်ခဲ့သည့် မြေစာသယ်ကားမှာ တန် ၃၀၀ ခန့်ရှိပြီး ယာဉ်မောင်းဖြစ်သူထွက်ပြေးတိမ်းရှောင်နေကြောင်း အသက် ၃၅ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ကားသမားကတော့အခင်းဖြစ်ဖြစ်ချင်းရှောင်လိုက်တယ်။ လျော်ကြေးကိစ္စတွေပြီးမှ ပြန်လာမယ့် သဘောရှိတယ်။ ကားကြီးတွေက ရွာထဲဖြတ်မောင်းနေမှတော့ တစ်နေ့မဟုတ်ရင် တစ်နေ့တော့ ဖြစ်လာမှာပဲ” ဟုသူကပြောသည်။

ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများမှ မြေစာသယ်ကားများကြောင့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ဇန်နဝါရီလ ၂၀ ရက်နေ့ကလည်း မနကျေးရွာအနီးရှိ ကျောက်စိမ်းလုပ်ကွက်တွင် မြေစာသယ်ကား နင်းကြိတ်ခံရသောကြောင့် မြေစာပုံတွင် ဈေးရောင်သည့် ဈေးသည်တစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

သတင်း – SK

ဓါတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ