ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA)တပ်ဖွဲ့ဝင်တစ်ဦးနှင့် စစ်ကောင်စီ ဒုရဲအုပ်တစ်ဦး ယမန်နေ့ ညနေ ၅ နာရီခွဲခန့်က ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတွင် ပစ်သတ်ခံခဲ့ရကြောင်းသိရသည်။

ဆိုင်းတောင်ကျေးရွာမှ ဖားပြင်ကျေးရွာသို့သွားသည့်လမ်းပေါ်ရှိ တိုးနီးယားဆီဆိုင်အနီးတွင် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံခဲ့ရပြီး အခြားလူငယ်တစ်ဦးလည်း အနီးအနားရှိနေရာတစ်ခုတွင် ပစ်သတ်ခံခဲ့ရသည်ဟု ဆိုင်းတောင်ကျေးရွာနေ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“သူ့နည်းသူ့ဟန်တွေနဲ့သွားလာတာတွေရှိတယ်ပေါ့။ စစ်ကြောင်းနဲ့သွားတာတော့မဟုတ်ဘူး။ အရပ်ဝတ်နဲ့လည်း သွားတာတွေရှိတယ်။ တစ်ယောက်ကတော့ရဲမှန်တယ်။ တစ်ယောက်ကတော့ ကချင်လူမျိုးဖြစ်တယ်။ နေရာချင်းမတူဘူး။ ဘာကြောင့်လဲတော့မသိဘူး” ဟုပြောသည်။

ဒုရဲအုပ် ပစ်သတ်ခံခဲ့ရသည့်နေရာမှာ ကျောက်သွေးတောင်နှင့် မှော်မုံကျေးရွာသို့ သွားသည့်လမ်းတွင်ဖြစ်ပြီး ကေအိုင်အေတပ်ဖွဲ့ဝင် ကျဆုံးခဲ့သည့်လမ်းမှာ ဆိုင်းတောင်ကျေးရွာရှိ လမ်းမကြီးတွင် ဖြစ်ကြောင်းသူက ဆက်ပြောသည်။

ပစ်သတ်ခံခဲ့ရသည့် စစ်ကောင်စီ ဒုရဲအုပ်ညီညီထက်အောင်ဆိုသူဖြစ်ပြီး ရဲတပ်ရင်း (၂၈)က ဖြစ်ကြောင်းသိရသည်။

ကေအိုင်အေတပ်ဖွဲ့ဝင်ဟုဆိုသူမှာ ရင်ဘတ်တွင် ကျည်ပေါက်ထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ရဲကတော့သူ့တို့ဘက်ကအလောင်ကိုသယ်သွားပြီ။ ဒီတစ်ယောက်ကတော့ သူ့ကိစ္စနဲ့သူလုပ်ပြီးတော့ အောက်ကိုဆင်းပြေးတာလေ။ ဆင်းပြေးတော့ ကျောကုန်းနောက်ကပစ်တော့ ရင်ဘတ်က ပေါက်ထွက်သွားတာလေ” ဟုပြောသည်။

အဆိုပါသေဆုံးခဲ့သူမှာ ကေအိုင်အေတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ဖားကန့်ဒေသရှိ ကေအိုင်အေအရာရှိတစ်ဦးက အတည်ပြုပြောသည်။

စစ်ကောင်စီရဲတပ်ဖွဲ့ဝင်ပစ်သတ်ခံခဲ့ရမှုနှင့်ပတ်သက်ပြီး The 74 Media အနေဖြင့် စစ်ကောင်စီကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါ။

ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ ကြက်တစ်ကောင်ကုန်းရပ်ကွက်တွင် လူဝန်မှုကြီးကြပ်ရေး ဒု-ဦးစီးမှူးတစ်ဦး ပစ်သတ်ခံခဲ့ရကြောင်းသိရသည်။

သတင်း – Nan Non

ဓါတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ