စစ်ကောင်စီစစ်ကြောင်းကို လိုက်လံကင်းထောက်နေသည့် မြောင်မြို့နယ်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အလှစ်တိုက်ခိုက်ခံခဲ့ရပြီး တပ်ဖွဲ့ဝင်ငါးဦးကျဆုံးခဲ့ကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းခံခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့က စစ်ကောင်စီ၏ တပ်မ (၉၉) လက်အောက်ခံ ဘီလူးစစ်ကြောင်းကို ကင်းထောက်နေစဉ် လက်ယက်မကျေးရွာအနီး အလှစ်ဝင်ရောက်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု Myaung Revolution Army(MRA) တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ကြောင်းထိုးလာတဲ့ချိန်မှာ ကျွန်တော်တို့ရဲဘော်တွေက သူတို့(စစ်ကောင်စီ)နောက်ကိုလိုက်ပြီးတော့ ကင်းထောက်ရင်း လက်နက်ကြီးသယ်သွားတာပေါ့နော်။ သွားတဲ့ချိန်မှာ သူတို့က သာလွန်အင်အားသုံးပြီးတော့ ကျွန်တော်တို့ကို ပစ်တယ်။ ရဲဘော်ငါးယောက်က ကျန်တဲ့ ရဲဘော်တွေကို လွတ်အောင်ဆိုပြီး ကာပြီးပစ်ပေးရင်း အသက်ကို စွန့်သွားတာပေါ့” ဟုပြောသည်။

ကျဆုံးခဲ့သည့်ရဲဘော်များမှာ အသက် ၄၀ ကျော်ခန့်အရွယ်ရှိ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ထုတ်လုပ်ရေးတာဝန်ခံ ရဲဘော်ဖေကြီးနှင့် MRA တပ်ဖွဲ့ဝင်များဖြစ်သည့် အသက်၂၁ နှစ်ခန့်အရွယ်ရှိ ရဲဘော်ပွကြီးနှင့် ရဲဘော် အရှည်ကြီး၊ အသက် ၂၅ နှစ်ခန့်အရွယ်ရှိ ရဲဘော်ဘီလူး၊ အသက် ၂၀ နှစ်ခန့်အရွယ်ရှိ ရဲဘော်ကျောက်ဆည်တို့ဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ကားတစ်စီး၊ လက်လုပ်စိန်ပြောင်း၊ (M- 22) သေနတ်ငါးလက်၊ ကျည်အိမ်၊ ကျည်ဆံ၊ လက်လုပ်သေနတ်၊ ဘက်ထရီနှင့် ဆိုလာပြားတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် Fifty-Two တယ်လီဂရမ်ချန်နယ်က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့ကလည်း မြောင်မြို့နယ်တွင်လှည့်လည်သွားလာနေသည့် စစ်ကောင်စီ ဘီလူးစစ်ကြောင်းနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးခန့်သေဆုံးခဲ့ကြောင်းသိရသည်။

သတင်း – Nan Non

သင့်ထင်မြင်ချက်ရေးပေးပါ