စစ်ကိုင်းတိုင်း တမူးမြို့နယ် ဘုက္ကန်ကျေးရွာရှိ စစ်ကောင်စီရဲကင်းကို အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းက တမူးမြို့မှ ၁၈ မိုင်အကွာအဝေးတွင်ရှိသော ဒေသအခေါ် စစ်ကောင်စီဘုက္ကန်ရဲကင်းကို သွားရောက်တိုက်ခိုက်စဉ် ရဲတပ်ဖွဲ့ဝင်များ စခန်းကိုစွန့်ခွာထွက်ပြေးခဲ့သော‌ကြောင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။

“သူတို့ဘက်က ဒဏ်ရာရတဲ့သူတွေတော့ရှိတယ်။ ဒါပေမဲ့ သူတို့က ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးသွားတဲ့အတွက် ဒဏ်ရာရတဲ့သူတွေက သေဆုံးလားဆိုတာတော့ အသေအချာမသိဘူး။ ဒီစခန်းက ရပ်ကွက်ကျေးရွာရဲ့ အပြင် လယ်ကွင်းဘက်မှာ တည်ရှိတဲ့အတွက် ပြည်သူတွေထိခိုက်မှုမရှိပါဘူး” ဟုပြောသည်။

အဆိုပါစစ်ဆင်ရေးကို ဘုတ်ငှက်စစ်ဆင်ရေးဟု အမည်ပေးခဲ့ပြီး စစ်ကောင်စီနှင့် ပူးပေါင်းသော မည်သည့်အဖွဲ့အစည်းကိုမဆို ပြင်းပြင်းထန်ထန် တိုက်ထုတ်သွားမည်ဖြစ်ကြောင်းနှင့် မည်သည့်အာဏာရှင်ကိုမဆို အမြစ်ပြတ်သည်အထိ တော်လှန်သွားမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

တိုက်ပွဲအတွင်း လက်နက်ငယ် မျိုးစုံ ၁၅ လက်၊ ကျည်မျိုးစုံ (၂၂၆၉)တောင့်၊ ဘီအေ – ၆၃ ရိုင်ဖယ် ကျည်ကတ် ၁၂ ကတ်၊ ဘီအေ – ၉၄ ကျည်ကတ် နှစ်ကတ်၊ အေကေ – ၄၇ ကျည်ကတ် နှစ်ကတ်၊ ‌ရှေ့ထွက်မိုင်း နှစ်လုံး၊ လက်ပစ်ဗုံး သုံးလုံး၊ ဘီအေ – ၆၃ လှံစွပ် နှစ်ချောင်း၊ ဓားမြှောင် တစ်ချောင်း၊ စကားပြောစက် ခြောက်လုံး၊ အထိုင်စက် တစ်လုံး၊ လက်ထိပ် ခုနှစ်ခု၊ ကျင်စက် နံပါတ်တုတ် တစ်ချောင်း၊ ‌ရိုးရိုးနံပါတ်တုတ် သုံးချောင်း၊ ရဲအုပ်အဆင့်ယူနီဖောင်းအပါအဝင် ယူနီဖောင်းများနှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။

အဆိုပါ စစ်ကောင်စီရဲကင်းတွင် ရဲတပ်ဖွဲ့ဝင်များအပါအဝင် ပျူစောထီး လူအင်အား စုစုပေါင်း ၁၅ ဦးခန့် အထိုင်ချထားသော စခန်းဖြစ်သည်။

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အခြေစိုက် တမူး – PDF တပ်ရင်း (၃) အား အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) အဖြစ် မတ်လ ၅ ရက်နေ့က ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တမူးပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ရင်း (၁)တို့ ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့က တမူးမြို့ အထက်ပိုင်းတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးရဲဘော် နှစ်ဦး ကျဆုံးခဲ့ကြောင်းသိရသည်။

သတင်း – Ma Di

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ