စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ညောင်ဇင်ကြီးကျေးရွာကို စစ်ကောင်စီပူးပေါင်းတပ်က ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့ပြီး စိတ်ကျန်းမာရေးချို့ယွင်းသည့် အမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့က အင်အား ၁၅၀ ဝန်းကျင်ပါဝင်သည့် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့က ညောင်ဇင်ကြီးကျေးရွာရှိ ဒေသခံနေအိမ်များမှ ပစ္စည်းများကို ခိုးယူကာ ကျေးရွာကိုမီးရှို့ခဲ့သည့်အတွက် နေအိမ် ၃၂ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု ညောင်ဇင်လေးကျေးရွာဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ရွာကပစ္စည်းတွေကို ကားလေးစီးနဲ့သူတို့ အကုန်တိုက်ထုတ်တယ်ပေါ။ သူတို့ရချင်တာတွေ အကုန်ယူပြီးမှ ရွာကိုမီးတင် (မီးရှို့)လိုက်တာ။ ထွန်စက်တွေရော ကားတွေရော သူတို့ယူချင်တာတွေယူတယ်” ဟုပြောသည်။

စစ်ကောင်စီပူးပေါင်းတပ်က ညောင်ဇင်ကြီးကျေးရွာ  စိတ်ကျန်းမာရေးချို့ယွင်းနေသည့် အသက် ၃၅ နှစ်အရွယ် ကိုမျိုးမင်းဦး (ခ) ကိုထွန်းမင်းဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း မြေပြင်ထောက်လှမ်းရေးတာဝန်ခံတစ်ဦးက ပြောသည်။

“စိတ်ကျန်းမာရေးမကောင်းတဲ့သားဖြစ်သွားတာ။ အမေကတော့လွတ်တယ်။ သူတို့အိမ်မီးရှို့တဲ့အခါ သူတို့က ထွက်ပြေးခဲ့တာပေါ့။ အဲ့အခါမှာ သူ့သားကပစ်သတ်ခံလိုက်ရပြီး မီးရှို့ခံလိုက်ရတာ” ဟုပြောသည်။

ထို့အပြင် စစ်ကောင်စီပူးပေါင်းတပ်က အဆိုပါကျေးရွာရှိ ဘုန်းကြီးကျောင်းမှ သက်တော် ၆၀ နှစ်ရှိ  ကျောင်းထိုင်ဆရာတော် ဦးသောမလကို ဖမ်းဆီးသွားကြောင်းသူကပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၂ရက်နေ့က အဆိုပါစစ်ကောင်စီပူးပေါင်းတပ်သည် ကန့်ဘလူမြို့နယ်၊ ဆူးပုပ်ကုန်းကျေးရွာမှ နွားအကောင်ရေ ၃၀၊ ဆိုင်ကယ် ၁၇ စီး၊ လယ်ယာသုံးစက်ပစ္စည်းများနှင့် ရိက္ခာများကို ခိုးယူသွားကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့သည် ညောင်ဇင်ကြီးကျေးရွာအနောက်ဘက်ရှိ ညောင်ဇင်လေးကျေးရွာတွင် တပ်စွဲထားပြီး ညောင်ဇင်လေးကျေးရွာအတွင်းရှိ ထွက်ပြေးသွားသည့် ဒေသခံနေအိမ်များကို ဖျက်ဆီးခြင်း၊ နေအိမ်မှပစ္စည်းများကို ခိုးယူခြင်းများ ပြုလုပ်နေကြောင်းလည်း သိရသည်။

ကန့်ဘလူမြို့နယ်၊ ညောင်ဇင်ကြီးကျေးရွာတွင် အိမ်ခြေ ၂၅၀ကျော်ရှိပြီး လူဦးရေ ကိုးရာကျော်နေထိုင်ကြောင်း သိရသည်။

သတင်း- Yu San

ဓာတ်ပုံ- ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားရေးအဖွဲ့

သင့်ထင်မြင်ချက်ရေးပေးပါ