မြစ်ကြီးနားမြို့တွင် မီးပွိုင့်များပုံမှန်အလုပ်မလုပ်သည်မှာ တစ်နှစ်ခန့် ကြာမြင့်လာသော်လည်း ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း မရှိသောကြောင့် မြို့ခံပြည်သူများ သွားရေးလာရေးအတွက် ခက်ခဲနေကြောင်း သိရသည်။

မီးပွိုင့်များပုံမှန်အလုပ်လုပ်သည့်နေရာများတွင် အန္တရာယ်ကင်းစွာသွားလာနိုင်သော်လည်း ပျက်နေသောမီးပွိုင့်များတွင် သတိကြီးစွာသွားလာနေရသည်ဟု မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“တစ်ခါတလေ မီးပွိုင့်က မီးလာလိုက်မလာလိုက်နဲ့။ တချို့ကွေ့တဲ့အချိန်မှာ ယာဉ်ကြောတွေ အရမ်းသတိထားပြီး သွားလာနေရတယ်။ မီးပွိုင့်မရှိတော့ ကြိုက်သလိုကွေ့နေကြတာ အက်စီးဒန့်ဖြစ်မလိုလိုနဲ့ ဘရိတ်အုပ်လိုက်ရတာ နှစ်ခါ၊ သုံးခါရှိပြီ။ စိတ်ဆိုးပြီးတော့ ဆဲလိုက်တာတွေတောင် ရှိတယ်” ဟုပြောသည်။

မီးပွိုင့်အများစုမှာ ပုံမှန်မီးမလာသောကြောင့် ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားနေခြင်းဖြစ်သည်ဟု လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တချို့မီးပွိုင့်တွေက ပျက်နေလားဆိုတော့ ပြန်မပျက်၊ မဖွင့်ဘူးလားဆိုတော့ ပြန်ဖွင့်၊ ဖွင့်နေလားဆိုတော့ ပြန်မဖွင့်နဲ့။ မီးပွိုင့်တွေက မီးလင်းမနေတော့ ညအချိန်သွားလာရင် ရှောင်ရင်းနဲ့ အရှိန်လွန်ပြီး လမ်းလယ်ခေါင်ကျွန်းသွားတိုက်တာမျိုးတွေ အဲ့လိုနေရာတွေမှာ ပိုဖြစ်တယ်” ဟုသူကပြောသည်။

ယာဉ်မတော်တဆမှုများမှာ လမ်းကျယ်ပြီး လမ်းကောင်းသောနေရာများနှင့် မီးပွိုင့်လမ်းထောင့်နေရာများတွင် အဖြစ်များပြီး ယာဉ်တိုက်မှုများတွင် အသက် ၂၀-၄၀ နှစ်အရွယ်ရှိ အမျိုးသားမျာကို ပိုမိုတွေ့ရကြောင်း သူကဆက်ပြောသည်။

လူဦးရေ သုံးသိန်းကျော်ရှိသည့်မြစ်ကြီးနားမြို့အတွင်း စုစုပေါင်းမီးပွိုင့် ၁၅ ခုထက်မနည်းရှိသော်လည်း သုံးပုံတစ်ပုံခန့်သာ မီးအချက်ပေးစနစ် ကောင်းစွာအလုပ်လုပ်နေကြောင်း မြို့နေပြည်သူများထံမှ သိရသည်။

မကြာခဏယာဉ်တိုက်မှုဖြစ်ပွားလေ့ရှိသော မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းမကြီး တပ်ကုန်းရပ်ကွက်ရှိ မီးပွိုင့်နှစ်ခု၊ စစ်ကောင်စီရဲစခန်းက ဂိတ်ပြုလုပ်ထားသည့်နေရာအနီးရှိ မီးပွိုင့်များ၊ သခင်နက်ဖေလမ်း (ဒေသအခေါ်) ဘူတာကြီးလမ်းပေါ်ရှိ မီးပွိုင့်များ၊ သီတာရပ်ကွက်နှင့် ကျွန်းပင်သာရပ်ကွက်ရှိ မီးပွိုင့်များ မီးမလင်းသည်မှာ တစ်နှစ်ကျော်ခန့်ရှိနေပြီဖြစ်သည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ အချက်အလက်များအရ ယခုနှစ် ဇန်နဝါရီလအတွင်း ကချင်ပြည်နယ်တွင် ယာဉ်တိုက်မှု ၁၄ မှု၊ ဒဏ်ရာရမှု ၂၂ မှုရှိကာ သေဆုံးမှု ၁၂ မှုရှိခဲ့သည်ဟု သိရသော်လည်း မြေပြင်တွင် ယခုထက်ပိုများနိုင်သည်။

မြစ်ကြီးနားမြို့တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အများပြည်သူဝန်ဆောင်မှုပေးသည့်လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ခြင်းမရှိတော့သည့်အပြင် ခိုးဆိုးလုယက်မှုများမကြာခဏဖြစ်ပွားနေသဖြင့် ဒေသခံများက အခက်အခဲများကြုံတွေ့နေရသည်။

သတင်း – Pan Soon

ဓာတ်ပုံ – The 74 Media

 

သင့်ထင်မြင်ချက်ရေးပေးပါ