ကချင်ပြည်နယ်၊ မိုးကောင်းမြို့ ဈေးကုန်းရပ်ကွက်တွင် ယမန်‌နေ့ ညနေ လေးနာရီခန့်က အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ဈေးကုန်းရပ်ကွက်၊ မိုးကောင်းဘူတာရုံအတွင်းရှိ ဈေးဆိုင်တန်းအနီးတွင် သေဆုံးနေသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မည်သည့်အချိန်က သေဆုံးခဲ့သည်ကိုလည်း မသိရကြောင်း မိုးကောင်းဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“မိုးကောင်းဘူတာထဲမှာ ပုပ်ပွပြီးမှ လောက်တွေတောင်တက်နေပြီ။ အနံ့ကြောင့်သိပြီး အကြောင်းကြားလိုက်လို့ နာရေးကူညီမှုအသင်းက လာရောက်ဆောင်ရွက်ပေးတာ” ဟုပြောသည်။

ရုပ်အလောင်းကို မှောက်လျက်အနေအထားဖြင့် တွေ့ရှိရပြီး မည်သည့်အကြောင်းရင်းကြောင့် သေဆုံးသည်ကို မသိရှိရသေးကြောင်း အလောင်းသယ်ဆောင်ရာတွင် ပါဝင်ခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။

“သူ့ဟာက ရက်ကကြာတော့ မျက်နှာအနေအထားတွေလည်း ပျက်ယွင်းနေတော့ ဘယ်သူဘယ်ဝါဆိုတာလည်း မသိရဘူး။ နောက်ပြီးတော့ သူကဒေသခံဟုတ်တဲ့ ပုံစံလည်း မပေါ်ဘူး။ ဒီလိုပဲသွားလာပြီး ခိုကိုးရာမဲ့ပုံစံမျိုး” ဟုပြောသည်။

အဆိုပါပိုင်ရှင်မဲ့ရုပ်အလောင်းကို မိုးကောင်းဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ယနေ့နေ့လယ်က သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ သုံးရက်နေ့က မိုးညှင်းမြို့၊ ပျော်ဘွယ်ရပ်ကွက်ရှိ ဈေးခုံတန်းတွင် သေဆုံးနေသည့် အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။

သတင်း- Yu San

ဓာတ်ပုံ- လူမူကူညီရေးအသင်း

သင့်ထင်မြင်ချက်ရေးပေးပါ