စစ်ကောင်စီစစ်ကြောင်းက ရွှေကူမြို့နယ် နောင်လက်ကြီးကျေးရွာနှင့် နမ့်လန်ကျေးရွာတွင် ယနေ့ နံနက် ၁၀နာရီခန့်က နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ဒေသခံများ၏ နေအိမ်အတွင်းမှ ပစ္စည်းများကို ခိုးယူသွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က နမ့်လန်ကျေးရွာမှ နေအိမ်သုံးလုံးကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် နောင်လက်ကြီးကျေးရွာအတွင်းရှိ ဒေသခံများ၏ နေအိမ်များမှ ပစ္စည်းများကိုခိုးယူသွားကြောင်း စစ်ရှောင်အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“ရွာကပစ္စည်းတွေ ကားနဲ့တိုက်ယူသွားကြတယ်။ လက်နက်ကြီးကျလို့ အိမ်တွေလည်းပျက်စီးကုန်တယ်။ ကားသုံးစီးနဲ့ ပစ္စည်းအကုန်တိုက်ယူသွားကြတာ။ အိမ်တွေလည်း အကုန်ရိုက်ဖွင့်ပြီး ယူသွားကြတာ” ဟုပြောသည်။

နမ့်လန်ကျေးရွာနှင့် ငှက်တံတားကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်းက တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်းလည်း သူကပြောသည်။

ရွှေကူမြို့အရှေ့ဘက် ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ ဆင်တပ်၊ ရေလဲနှင့် မိုးစစ်ကျေးရွာဘက်သို့ ယမန်နေ့ ည ၈နာရီခန့်က ရွှေကူမြို့မရဲစခန်း၊ ရေပျံဆိပ်နှင့် သင်္ဘောဆိပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ရွှေကူမြို့ခံသားတစ်ဦးက ပြောသည်။

“လူထိခိုက်တယ်လို့တော့ မကြားဘူး။ အိမ်နှစ်လုံးထိတယ်လို့တော့ကြားတယ်။ အခင်းနောက်ဘက် တဲမှာပေါ့နော်။ ရွာရဲ့ အနောက်ဘက်ခြမ်းက အခင်းထဲတွေကျတာများတယ်။ (ရေလဲ) ရွာထဲကအိမ်တစ်လုံးထိတယ်ကြားတယ် ” ဟုပြောသည်။

စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွှေကူရဲစခန်းအနီးရှိ  မင်္ဂလာပရိယတ္တိစာသင်တိုက်နှင့် အနီးပတ်ဝန်းကျင်နေအိမ်များသို့ လက်နက်ကြီးကျရောက်ခဲ့သည့်အတွက် နေအိမ်အချို့ပျက်စီးခဲ့ကြောင်း သိရသည်။

ရွှေကူမြို့နယ် အနောက်ဘက်ခြမ်းတွင် ကချင်လွတ်မြောက်ရေးတပ် (KIA)၊ KPDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား ယမန်နေ့ကစပြီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည့်အတွက် နမ့်လန်၊ နောင်လက်ကြီး၊ မံဝိန်း၊ ငှက်တံတား၊ စီမူကြီးနှင့် စီမူလေးကျေးရွာမှ ဒေသခံတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေကြသည်။

KIA ပူးပေါင်းတပ်ဖွဲ့တပ်နှင့် စစ်ကောင်စီစစ်ကြောင်းတို့ ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၁၀)မှ ဒုတပ်ရင်းမှူး ဒဏ်ရာရရှိခဲ့သည်ဟု ရွှေကူပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေသောဒေသသည် ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၂) နယ်မြေအတွင်းဖြစ်ပွားနေခြင်းဖြစ်သည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ရွှေကူမြို့နယ်တွင် ကျေးရွာအုပ်စု ၃၇စုရှိပြီး ကျေးလက်နေလူဦးရေ စုစုပေါင်း ခုနှစ်သောင်းကျော်ရှိသည်။

သတင်း- Yu San

ဓာတ်ပုံ- စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်(ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ