ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်နှင့် KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကွီလုံတိုင်စခန်းသို့ ရိက္ခာပို့ရန်နှင့် လူနာသယ်ရန်လာသော စစ်ကောင်စီစစ်ကြောင်းကို မတ်လ ၁၆ ရက်၊ ၁၇ ရက်နှင့် ၂၀ ရက်နေ့တို့တွင် တိုက်ခိုက်ခဲ့ရာ ဒုတပ်ရင်းမှူးတစ်ဦးအပါဝင် ၁၀ ဦးခန့် ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ -SOF၏ ပြန်ကြားရေးတာဝန်ခံက The 74 Media ကိုပြောသည်။

“ဒုတပ်ရင်းမှူးအပါ သူတို့စကစရဲဘော်သုံးယောက်က အစမှာကတည်းက စနှိုက်ဘာထိထားတယ်။ ကျွန်တော်တို့က မဖြစ်မနေပိတ်ဆို့ပြီးတိုက်တယ်။ အဲ့ချိန်မှာနောက်ဆုံး ၂၀ ရက်နေ့မှာ အပြင်းအထန်ဒဏ်ရာနဲ့ပဲ ဆုံးသွားတယ်။ တောင်ကလေးရွာထဲမှာ လမ်းမပေါ်မှာပဲ အလောင်းတွေက ထပ်နေတာပေါ့နော်။ ကိုယ်ပြောင်ပြောင်နဲ့ အင်္ကျီတောင်မပါဘူး” ဟုသူကပြောသည်။

The 74 Media က ရရှိထာသည့် ရုပ်အလောင်းပုံများအရ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဦးခေါင်းနှင် နောက်ကျောတို့တွင် ကျည်ထိမှန်ဒဏ်ရာရရှိထားပြီး အရပ်ဝတ်များဖြင့် မှောက်လျက်အနေအထားနှင့် သေဆုံးနေသည်များကို တွေ့ရသည်။

 

တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က ဂျတ်ဖိုက်တာတစ်စီးဖြင့် နှစ်ကြိမ်၊ Mi 35 တစ်စီးဖြင့် သုံးကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သူကဆက်ပြောသည်။

“စက်လက်နဲ့ပစ်တယ်။ ဗုံးသီးလည်းချတယ်။ မိုးချုပ်မှပြန်ဆုတ်တာ တဖြည်းဖြည်းနဲ့ ပစ်ရင်းပစ်ရင်းနဲ့ ဆုတ်သွားတာပေါ့။ ရှေ့ကတိုက်ပွဲတစ်ပွဲကလည်း နှစ်ရက်ဖြစ်သွားတာပေါ့။ နေ့ရောညရော” ဟုပြောသည်။

စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အနီးရှိကျေးရွာက နေအိမ်နှစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF က ထုတ်ပြန်ထားသည်။

အင်အား ၈၀ ခန့်ပါရှိသော စစ်ကောင်စီခြေမြန်တပ်ရင်း (ခမရ ၅၆၁)နှင့်(ခမရ ၄၃၂) စစ်ကြောင်းသည် တောင်ကလေးကျေးရွာအုပ်စု၊ ကွီလုံတိုင်ရွာအနီးတွင် တပ်စွဲထားပြီး အနီးရှိကျေးရွာများမှ ကျွဲ၊ နွားများကို သိမ်းဆည်းခြင်း၊ ရိက္ခာနှင့် ငွေကြေးများကို သိမ်းဆည်းခြင်း၊ ဒေသခံပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများပြုလုပ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၅ ရက်နေ့ကလည်း ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။

သတင်း – Nan Non

ဓါတ်ပုံ – အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF

သင့်ထင်မြင်ချက်ရေးပေးပါ