စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကယားပြည်နယ် မယ်စဲ့မြို့နယ် တောတွင်းတစ်နေရာတွင် ယမန်နေ့ မွန်းလွှဲလေးနာရီခန့်က အမျိုးသားသုံးဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က တိုက်လေယာဉ်တစ်စီးဖြင့် ငါးကြိမ် လာရောက်ပစ်ခတ်ခဲ့သောကြောင့် သစ်လုပ်ငန်းလုပ်ကိုင်နေသော အမျိုးသား သုံးဦးသေဆုံးခဲ့ပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းနှင့် ပြန်ကြားရေးအဖွဲ့ (KnMIC) ၏ တာဝန်ခံတစ်ဦးက The 74 Media ကိုပြောသည်။

“တောထဲမှာ တောင်ယာလုပ်တဲ့သူ၊ သစ်လုပ်တဲ့သူတွေ။ နေတဲ့အိမ်ကို ဘယ်လိုထင်လဲမသိပါဘူး။ ရမ်းလာပစ်တာ။ သစ်ကလည်းမရှိတော့ပါဘူး။ အရင်က အခြေအနေကောင်းတုန်းက သစ်အဟောင်းတွေကို ဆွေးသွားမဲ့အစား သစ်အဟောင်းတွေကို ပြန်ထုတ်ဖို့ လုပ်နေတဲ့သူတွေပါ။ သစ်ဟိုလိုမျိုး အကြီးကြီးမဟုတ်ဘူး။ သူတို့က ဒီလိုအရိပ်မဲမဲ မြင်တာနဲ့ကို ပစ်တော့တာ” ဟုပြောသည်။

သေဆုံးသွားသော သစ်လုပ်သား သုံးဦးသည် အသက် ၄၀ ခန့် အမျိုးသားများဖြစ်ကြပြီး မည်သူမည်ဝါဖြစ်ကြောင်းကို မသိရှိရသေးပါ။

တိုက်လေယာဉ်ဖြတ်သန်းသွားလာသည်ကို မြင်တွေ့ရသည်နှင့် စစ်ရှောင်ပြည်သူများ ကြောက်ရွံ့ထိတ်လန့်ကာ စိုးရိမ်နေကြောင်း ဖယ်ခုံအနောက်ဘက်ခြမ်းရှိ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။

“လေယာဉ်ပျံဆိုတာနဲ့ အကုန်လုံး အိမ်ထဲပြေးဝင်ပြီး ကြောက်နေကြတယ်။ ကလေးတွေက အစပေါ့နော်။ သူတို့ (စစ်ကောင်စီ) တွေက တကယ်လူစိတ်မရှိဘူးလို့ထင်တယ်။ ဒီမှာ လက်နက်ကြီးတွေနဲ့လည်း အချိန်ပြည့်ကို ခြိမ်းခြောက်ပြီး ရမ်းသမ်းပစ်ခတ်တဲ့အတွက် ကျွန်တော်တို့ ကရင်နီပြည်သူတွေ လုံခြုံမှုမရှိကြဘူး။ သူတို့က ပြည်သူလူထုကို ရန်သူလို့သတ်မှတ်ပြီးတော့ ပစ်တာလို့ပဲမြင်တယ်” ဟုပြောသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ကယားပြည်နယ် မယ်စဲ့မြို့နယ်တွင် အိမ်ထောင်စုအရေအတွက် တစ်ထောင်ကျော်ခန့်နှင့် လူဦးရေစုစု‌ပေါင်း ခြောက်ထောင်ခန့်ရှိသည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့က ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတစ်နေရာသို့ စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း ထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်း သိရသည်။

သတင်း – Ma Di

ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ