စစ်ကောင်စီတပ်ဖွဲ့ဝင်များက မုံရွာမြို့နယ် အောက်ဆိမ့်တောကျေးရွာအနီးတွင် ယမန်နေ့ ညနေ ခြောက်နာရီခွဲခန့်က တော်လှန်ရေးရဲဘော် လေးဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်လာပြီးနောက် သတ်ဖြတ်ထားသော အဆိုပါ တော်လှန်ရေး ရဲဘော်လေးဦး၏ ရုပ်အလောင်းကို အောက်ဆိမ့်တော်ကျေးရွာအနီးတွင်တွေ့ရှိခဲ့ပြီး ယနေ့ နံနက်ပိုင်းက သင်္ဂြိုဟ်ပြီးဖြစ်ကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးက The 74 Media ကိုပြောသည်။

“လေးယောက်လုံးက သေနတ်ပစ်ခတ်သတ်ခံရတာ ရက်ရက်စက်စက်ပါပဲဗျာ။ နှစ်ယောက်ကတော့ ဗိုက်အူပွင့်ပြီး သေနေတာဗျ။ ကျန်တဲ့နှစ်ယောက်ကတော့ ဗိုက်အူပွင့်တာမျိုးမရှိဘူး။ ဒါပေမဲ့ ရက်ရက်စက်စက်သတ်ခံရတာပါပဲဗျာ” ဟု ပြောသည်။

ကျဆုံးသွားသော ရဲဘော်လေးဦးမှာ အသက် ၁၇ နှစ်အရွယ် ဝေလင်းဦး၊ အသက် ၁၉ နှစ်အရွယ် ငယ်ဦး၊ အသက် ၂၁ နှစ်အရွယ် သူရဇော်နှင့် အခြား ရဲဘော်တစ်ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရှိရသေးပါ။

 

The 74 Media က ရရှိထားသော ဓါတ်ပုံများအရ သတ်ဖြတ်ခံထားရသော PDF ရဲဘော် လေးဦးမှ နှစ်ဦးမှာ ဗိုက်ခွဲခံထားရပြီး အူများထွက်ကာ သေဆုံးနေသည်ကိုတွေ့ရှိရသည်။

ကျဆုံးသွားသော ရဲ‌ဘော်လေးဦးသည် ပြီးခဲ့သည့် မတ်လ ၁၂ ရက်‌နေ့ညက မုံရွာမြို့နယ် နန္ဒဝန်ရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်းသိရသည်။

အလားတူ အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့ ညနေက ညောင်ပင်ရွာသစ်ကျေးရွာရှိ ဒေသခံပြည်သူများ၏ နေအိမ်လေးလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စုအရေအတွက် လေးရာကျော်နှင့် လူဦးရေစုစု‌ပေါင်း နှစ်ထောင်ခန့်ရှိသော ညောင်ပင်ရွာသစ်ကျေးရွာရှိ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထို့အပြင် အဆိုပါစစ်ကြောင်းသည် Golden Eagle ပြည်သူ့ကာကွယ်ရေးစခန်းတစ်ခုကို ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့သဖြင့် PDF စခန်းပြန်လည်အခြေချ ထူထောင်နိုင်ရန် အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ထနောင်းတောကျေးရွာတွင် ဒေသခံပြည်သူခြောက်ဦး မီးရှို့သတ်ဖြတ်ခံခဲ့ရပြီး Black Eagle PDF စခန်းလည်း ဝင်ရောက်စီးနင်းခံရကာ ပြည်သူ့ကာကွယ်ရေး ရဲဘော် ၁၃ ဦးဖမ်းဆီးခံခဲ့ရသည်။

သတင်း – Ma Di

ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ