မြောင်မြို့နယ်တွင်လှည့်လည်သွားလာနေသည့် စစ်ကောင်စီ ဘီလူးစစ်ကြောင်းနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးခန့်သေဆုံးခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့က အင်အား ၂၀၀ ခန့်ရှိသော တပ်မ (၉၉) လက်အောက်ခံ စစ်ကောင်စီ စစ်ကြောင်းနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ကြပ်ကြီး မြင့်ကျော်၏ ရုပ်အလောင်းကို ယနေ့နံနက်တွင် တွေ့ရှိခဲ့သည်ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) ၏ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“သေတာက ၂၁ ရက်ညကတည်းကပါ ရေခဲပုံးထဲထည့်ထားပြီး ဒီမနက် ၃ နာရီမှာ ထမ်းစင်နဲ့ သယ်သွားကြတာ။ ကျန်တဲ့ အလောင်းတွေကိုတော့ မြေမြုပ်တာရော။ မီးရှို့တာရောလုပ်ခဲ့ကြတယ်။ ဒီမနက် တပ်ကြပ်ကြီးမြင့်ကျော်အလောင်းတော့ မြုပ်ထားခဲ့တာ အမိန့်ပြန်စာရွက်နဲ့အတူတွေ့တယ်” ဟုပြောသည်။

အဆိုပါစစ်ကြောင်းသည် မြင်းမူမြို့နယ်၊ တာတိုင်ကျေးရွာတွင် မတ်လ ၂ ရက်နေ့က ပြည်သူ ၁၇ ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် မတ်လ ၁၂ ရက်နေ့က မြောင်မြို့နယ်အတွင်း ဝင်ရောက်ခဲ့ခြင်းဖြစ်ကာ ပေါက်ချောင်းကျေးရွာ၊ မြစ်စုံကျေးရွာနှင့် ခေါင်းခွဲကျေးရွာ ကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း CDSOM က ယနေ့နေ့စွဲဖြင့်ထုတ်ပြန်ထားသည်။

တိုက်ပွဲတွင် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM)၊ Myinmu Civil Revolution Force-မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ ၊ စစ်ကိုင်းခရိုင်တပ်ရင်း(၁)တပ်ခွဲ(၃)၊ စစ်ကိုင်းခရိုင်တပ်ရင်း(၂)တပ်ခွဲ(၃)၊ စစ်ကိုင်းခရိုင်တပ်ရင်း (၆)တပ်ခွဲ(၂)၊ MGN 35၊ 11 Brother Revolution Force၊ Young Man၊ LCAR ၊ မြင်းခြံခရိုင် တပ်ရင်း (၂) (Myingyan Ranger,PDF Taloke,MGN Tiger,MGN 21)၊ မြင်းခြံခရိုင် တပ်ရင်း(၁)၊ မြင်းခြံခရိုင် (၃)၊ Burmese Guerrilla Foce-BGF (Myingyin)၊ CDSOMတောင်ပိုင်း ဗိုလ်ကျားသစ်၊ MS9 Brothers၊ Shwe-Ao Revolution Force၊ Justice Revolution Force – Myaung၊ မန္တလေးခရိုင် တပ်ရင်း (၃)၊ Black Wolf PDF (မန္တလေးခရိုင် တပ်ရင်း ၃၊ တပ်ခွဲ ၃)၊ Leopard Mobile Defence Force – Myaung တို့က ပူးပေါင်း ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်းသည် မတ်လ ၁၆ ရက်နေ့ကလည်း မြောင်မြို့နယ်မှ ဒေသခံပြည်သူနှစ်ဦးကို ပစ်သတ်ခဲ့ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းသွားခဲ့ကြောင်း သိရသည်။

သတင်း – Nan Non

ဓါတ်ပုံ – မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM)

သင့်ထင်မြင်ချက်ရေးပေးပါ