ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ်အတွင်းရှိ ဒေသအခေါ် ဂါးခရန်နှင့် ထီခချောင်း(နမ့်ထီ) ရွှေမှော်များတွင် မူးယစ်ဆေးဝါးများကို လုပ်အားခအဖြစ်ပေးကာ စေခိုင်းနေကြောင်း သိရသည်။

ရွှေကျင်းပေါင်း ၅၀ ထက်မနည်းရှိသော အဆိုပါရွှေမှော်များတွင် လုပ်ကိုင်နေသော ကျင်းသားအများစုသည် မူးယစ်ဆေးဝါးသုံးစွဲနေကြောင်း အသက်သုံးဆယ်ခန့်အရွယ် ဆေးစွဲနေသူ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အဲ့လိုဆေးထုတ်ပေးတော့ အဆင်ပြေတယ်။ ကိုယ်တိုင်သွားဝယ်စရာမလိုဘူးလေ။ မူးယစ်ဆေးမပေးတဲ့ စက်ဆိုင်းတော့ မရှိဘူး။ ငါတို့ကျင်းသားတွေက လေးစုတစ်စုဆိုတော့ တခါတလေက ဆေးဖိုးမလောက်ဘူး” ဟုပြောသည်။

ထီခချောင်း (နမ့်ထီ) ရွှေမှော်တွင်း မူးယစ်းဆေးဝါးသုံးစွဲသူများနှင့်အတူ အလုပ်လုပ်ရသည်မှာ အဆင်မပြေမှုများစွာရှိသောကြောင့် အလုပ်ထွက်ခဲ့သူ မချမ်းဘော့မြို့နေ အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးကပြောသည်။

“ဆေးသမားတွေက ဆေးသုံးပြီးရင်တစ်မျိုး၊ မသုံးရရင်တစ်မျိုးနဲ့ အရမ်းတွဲရခက်တယ်။ ဆေးမသုံးရရင်လည်းတခါတလေက အလုပ်ကောင်းကောင်းမလုပ်ဘူး။ ဆေးသုံးပြီးရင်လည်း မှိန်းချင်ကြတယ်။ ကျင်းထဲမှာတောင် မှိန်းတယ်။ အခုကဆေးသမားတွေလည်း အရမ်းများလာတော့ လောပန်းတွေလည်း ဆေးပေးရတာက သူတို့အတွက်ပိုအဆင်ပြေလို့ထင်တယ်။ ဆေးပဲပေးတော့ အစုခွဲပေးစရာလည်းမလိုဘူးလး။ ငါ့တို့ကျင်းမှာလည်း ကျင်းသား ၁၁ ယောက်ရှိတာ ဆေးမသုံးတဲ့သူက နှစ်ယောက်ပဲပါတယ်” ဟုပြောသည်။

ရွှေလုပ်ငန်းလုပ်ကိုင်နေကြသော လောပန်းများသည် ရွှေလုပ်သား(ကျင်းသား)ရရှိရန်နှင့် လုပ်ငန်းပုံမှန်လည်ပတ်မှုရရှိစေရန်အတွက် မူးယစ်ဆေးဝါးများကို အသုံးပြုနေကြောင်း မလိမြစ်တွင် ရွှေလုပ်ငန်းလုပ်ကိုင်နေသော အသက်လေးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးကပြောသည်။

“ရွှေမှော်မှာက ဆေးသမားတွေများတယ်လေ။ ဆေးမပေးဘဲနဲ့ ပိုက်ဆံပေးလိုက်ရင်လည်း ဆေးလိုက်ဝယ်တာနဲ့အချိန်ကုန်တယ်။ မလိုလားအပ်တဲ့ပြဿနာတွေလည်းရှိလာနိုင်တယ်။ အာဏာသိမ်းပြီးနောက်ပိုင်းက မူးယစ်ဆေးဝါးကို ပိုပြီးတော့အသုံးပြုလာကြတယ်။ ရွှေလောပန်းတွေလည်း မူးယစ်ဆေးဝါးကို စီပွားရေးတစ်ခုဖြစ် လုပ်ကိုင်လာတာကြတာ၊ မူးယစ်ဆေးဝါးပေးလိုက်ရင်တော့ အစုခွဲပေးစရာလည်းမလိုဘူးလ။ ပြီးတော့ မူးယစ်ဆေးဝါးကိုဖောက်သည်ဈေးနဲ့ယူပြီး မှော်မှာကြတော့ မှော်ဈေးနဲ့ပြန်ရောင်းကြတာဟုတ်တယ်။ ဆေးသမားတစ်ချို့လည်း လောပန်းတွေကိုဆေးဖို့အကြွေးမပေးနိုင်လို့ ထွက်ပြေးသွားတဲ့ ကျင်းသားတွေလည်းရှိတယ်” ဟုပြောသည်။

မူးယစ်ဆေးဝါးကို လုပ်အားခအဖြစ် ပေးနေခြင်းသည် မူးယစ်ဆေးဝါးကို အားပေးအားမြောက်ရာရောက်သောကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ အရေးယူစေချင်ကြောင်း သူကပြောသည်။

ဂါးခရန်နှင့် ထီခချောင်း(နမ့်ထီ)ရွှေမှော်တွင် ကျင်းသားအဖြစ်လုပ်ကိုင်နေသူများသည် မချမ်းဘော့မြို့နယ်နှင့် ပူတာအိုမြို့နယ်မှ လူငယ်များသာမကမိုးကောင်း၊ မိုးညှင်းနှင့် မြန်မာနိုင်ငံအောက်ပိုင်း ဒေသများမှ လူငယ်များလည်း လာရောက်လုပ်ကိုင်နေကြကြောင်းသိရသည်။

ရွှေမှော်များတွင် အသုံးများသော မူးယစ်ဆေးအမျိုးအစားများမှာ ရာမနှင့် ဘိန်းဖြူတို့ဖြစ်ကြပြီး ဆေးသမားများ၏အခေါ်အရ ဘိန်းဖြူတစ်တိုက်လျှင်နှစ်ထောင်ငါးရာမှ ငါးထောင်ကျပ်အတွင်း၊ ရာမတစ်လုံးလျှင် နှစ်ထောင်ကျပ်မှ သုံးထောင်ကျပ်အတွင်း ရောင်းချနေကြောင်းသိရသည်။

၂၀၁၉ သန်းခေါင်းစာရင်းအရ မချမ်းဘော့မြို့နယ်တွင် အိမ်ထောင်စု ၁၆၀၀ ကျော်လူဦးရေ ကိုးထောင်ကျော်ခန့် နေထိုင်ပြီး စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်သော မြို့နယ်တစ်ခုဖြစ်သည်။

သတင်း – Dureng

ပုံ – CJ

သင့်ထင်မြင်ချက်ရေးပေးပါ