စစ်ကောင်စီစစ်ကြောင်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ နံနက် ၁၁ နာရီခန့်က ပြောက်ကျားတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့ကြောင်းသိရသည်။

ဖလမ်း – ဟားခါးလမ်းမပေါ်ရှိ ကျေးရွာတစ်ရွာတွင် ခြေလျင်တပ်သားများနှင့် ယာဉ်တန်းများပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းကို ၄၅ မိနစ်ခန့်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု CNDF ၏ ပြောရေးဆိုခွင့်ရှိသူ Salai Cung Ngai က The 74 Media ကိုပြောသည်။

“ခြေလျင်နဲ့ အရင်သွားတာ ကားနဲ့က နောက်ကနေလိုက်တာ အင်အားက ခန့်မှန်းဖို့တော့ ခက်တယ်။ ဒါပေမဲ့ ၂၀၀ လောက်တော့ရှိတယ်။ ပြောက်ကျားပစ်တဲ့အချိန် သေတဲ့သူကိုတွေ့တာ အလောင်းကတော့ သူတို့ပြန်သယ်မှာပဲ” ဟုသူကပြောသည်။

ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့မှ စတင်ပြီး စစ်ကိုင်းတိုင်း ကလေးမြို့မှ တက်လာသည့် အဆိုပါစစ်ကြောင်းတွင် တင့်ကား နှစ်စီးအပါဝင် မော်တော်ယာဉ် ၂၇ စီးခန့်ပါရှိကြောင်း CDF Hkaha ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ယာဥ်တန်းက အားလုံးပေါင်းလိုက်ရင် ၂၇ စီးရှိတယ်။ တင့်ကားနှစ်စီးရယ် ပစ္စည်းတင်တဲ့ယာဥ်တစ်စီးရယ် အခြားယာဥ်တန်းတွေနဲ့ တက်လာတယ်” ဟုပြောသည်။

ပြောက်ကြားတိုက်ခိုက်မှုတွင် CDF Hkaha၊ CNDF နှင့် CAN တို့ ပူးပေါင်းပါဝင်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီယာဉ်တန်းကို ဖလမ်းမြို့နယ်ရှိ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြီးခဲ့သည့် မတ် ၁၂ ရက်နေ့မှ ၁၉ ရက်နေ့အထိ ရှစ်ရက်အတွင်း မိုင်းဆွဲတိုက်ခိုက်မှုများနှင့် ခြုံခိုတိုက်ခိုက်ခြင်းခြင်းများ ပြုလုပ်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁ ဦးသေဆုံးခဲ့ပြီး ကားတစ်စီး ပျက်စီးခဲ့ကြောင်း CNDF ၏ မတ် ၂၀ ရက်နေ့ သတင်းထုတ် ပြန်ချက်အရသိရသည်။

သတင်း – Pu Noi Tsawm

ဓါတ်ပုံ – CDF Hkaha

သင့်ထင်မြင်ချက်ရေးပေးပါ