ကချင်ပြည်နယ်၊ ရွှေကူမြို့ အနောက်ဘက်ခြမ်းရှိ ကျေးရွာများသို့ ယနေ့ နံနက် ရှစ်နာရီခန့်က စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်လာသည့်အတွက် ထောင်ချီသည့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

ရွှေကူမြို့နှင့် ခုနှစ်မိုင်ခန့်အကွာရှိ မံဝိန်းကျေးရွာ၊ ဝင်ဝကျေးရွာနှင့် ငှက်တံတားကျေးရွာသို့ စစ်ကြောင်းသုံးကြောင်းဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့သည့်အတွက် အဆိုပါကျေးရွာများအပါအဝင် အနီးတစ်ဝိုက်ရှိ အခြား ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း စစ်ရှောင်အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ကြောင်းတွေ အများကြီးထိုးလာတယ်။ ပစ်ဝင်ဝင်တာ။ ဝင်ဝ (ကျေးရွာ) ဘက်ကတစ်ကြောင်း၊ ငှက်တံတားမှာဆို မနက်ထဲနဲ့ရောက်ထားလို့ ရွာသားတွေ မပြေးကြရဘူးတဲ့။ မံဝိန်းဘက်ကိုဝိုက်တာ။ သူတို့ရွာထဲ စစ်ကြောင်းအရင်ဝင်တာလေ” ဟုပြောသည်။

စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အတွက် ဝင်ဝကျေးရွာရှိ တဲအိမ်တစ်လုံးလက်နက်ကြီးထိမှန်ပျက်စီးခဲ့ပြီး နန့်လန်ကျေးရွာနှင့် နောင်လက်ကြီးကျေးရွာကြားတွင် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အင်အား ၇၀ ဝန်းကျင်ပါဝင်သည့် တပ်မ (၇၇)နှင့် တပ်မ(၁၀) ပူးပေါင်းစစ်ကြောင်းမှာ ယမန်နေ့ ညနေက ရွှေကူမြို့မှ ထွက်ခွာသွားခြင်းဖြစ်သည်ဟု ရွှေကူဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။

“အိမ်ရှေ့ကဖြတ်သွားတာ။ လူတွေလည်း ချိနဲ့နေတာပဲ။ စုတ်ပြတ်နေတာပဲ။ လက်နက်တော့အပြည့်ပဲ။ သူတို့ထွက်သွားပြီးမကြာဘူး လက်နက်ကြီးသံတွေကြားရတာပဲ”ဟုပြောသည်။

ပြီးခဲ့သည့် မတ်လ ပထမပါတ်က အဆိုပါစစ်ကြောင်းမှာ ရွှေကူမြို့ အရှေ့ဘက်၊ ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ ကျေးရွာများတွင် စစ်ကြောင်းထိုးခဲ့ပြီး ရွှေကူမြို့၊ ကျောက်တလုံးကျေးရွာကို မီးရှို့ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းဖြစ်သည်။

စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ နောင်လက်ကြီး၊ နန့်လန်၊ ဝင်ဝ၊ စီမူကြီးနှင့် စီမူလေးကျေးရွာမှ ဒေသခံပြည်သူတစ်ထောင်ကျော်မှာ ရွှေကူမြို့ပေါ်နှင့် တောတွင်းနေရာများသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းမှာ လက်ရှိတွင် နောင်လက်ကြီးကျေးရွာတွင် တပ်စွဲထားကြောင်း သိရသည်။

၂၀၁၆ သန်းခေါင်စာရင်းအရ ရွှေကူမြို့နယ်တွင် ကျေးရွာအုပ်စု ၃၇စုရှိပြီး ကျေးလက်နေလူဦးရေ စုစုပေါင်း ခုနှစ်သောင်းကျော်ရှိသည်။

သတင်း – Yu San

ဓါတ်ပုံ – စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်(ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ