ရိုက်နှက်ထိုးကြိတ်ခံထားရသည့် အမျိုးသမီးတစ်ဦးကို ယနေ့ မွန်းတည့် ၁၂ နာရီခန့်က မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် လမ်းဘေးတစ်နေရာတွင် လာရောက်စွန့်ပစ်သွားကြောင်းသိရသည်။

ဂရင်းဗီလာစားသောက်ဆိုင်အနီးတွင် ရိုက်နှက်ထိုးကြိတ်ခံထားရသည့် အမျိုးသမီးကို သုံးဘီးဆိုင်ကယ်ဖြင့် လာရောက်ပစ်သွားခြင်းဖြစ်သည်ဟု သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ထိုးကြိတ်ပြီးတော့မှ သုံးဘီးနဲ့လာပစ်သွားတာလို့ပြောတယ်။ ကျွန်တော်တို့ကို ဖုန်းဆက်တော့ သွားကောက်ပေးတာပေါ့။ အခြေနေတော့ မစိုးရိမ်ရဘူး။ မျက်နှာတွေမှာ ထိုးကြိတ်ထားတယ်” ဟုပြောသည်။

အဆိုပါအမျိုးသမီးမှာ အသက် ၄၅ နှစ်ခန့်အရွယ်ရှိပြီး မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

မြစ်ကြီးနားမြို့အတွင်း ခိုးဆိုးလုယက်မှုများ မကြာခဏဖြစ်ပေါ်နေသဖြင့် စိုးရိမ်နေရကြောင်း မြစ်ကြီးနားမြို့နေ အမျိုးသားတစ်ဦးက ပြောသည်။

“အခုက ဟိုဘက်ကိုလည်းကြောက်ရ၊ ဒီဘက်ကိုလည်းကြောက်ရနဲ့ ပြီးတော့ ခိုးဆိုးလုနှိုက်ကိုလည်း ပြန်ကြောက်ရ။ မလုံဘူး အိမ်မှာနေရင်တောင် ဘယ်ချိန်ဓားပြတိုက်ခံရမလဲ အဲ့လိုမျိုးတွေးနေပြီး ကြောက်နေတာ” ဟုပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့ကလည်း မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် ဒူဝါဇော်ရစ်လမ်း ဒေသအခေါ် ဂျပန်လမ်းအနီးရှိ နောင်ရာကွင်းတွင် အမျိုးသားတစ်ဦး ဓါးထိုးလုယက်ခံခဲ့ရကြောင်းသိရသည်။

သတင်း – Nan Non

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ