ဆိုင်ကယ်နှင့် ၁၂ ဘီးကား ယာဉ်တိုက်မှု ယနေ့ နေ့လယ် ၁ နာရီခန့်က မြစ်ကြီးနား – နမ္မတီးလမ်းမပေါ်တွင် ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ဦးခေါင်းနှင့် နားသွေးထွက်သည့် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့အထွက် လွယ်ခေါကျေးရွာတွင် အမျိုးသားတစ်ဦးစီးနင်းလာသော ဆိုင်ကယ်က ကားတစ်စီးကို ကျော်တက်စဉ် မျက်နှာချင်းဆိုင်မှလာသော ၁၂ ဘီးကားအောက်သို့ ရောက်ရှိသွားခြင်းဖြစ်သည်ဟု လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက The 74 Media ကို ပြောသည်။

“၁၂ ဘီးကားက မြစ်ကြီးနားဘက်ကနေလာတာ ဆိုင်ကယ်က လွယ်ခေါဘက်ကလာတာ။ ဆိုင်ကယ်က သူရှေ့က ကားကိုကျော်တက်တော့ ရှေ့ကကားကို နည်းနည်းတိုက်မိပြီး ၁၂ ဘီးကားအောက်ထဲ ဝင်သွားတာပေါ့။ ဆိုင်ကယ်နဲ့လူက လွယ်ခေါမှာရှိတဲ့ ဆွေမျိုးတွေဆီ လာလည်တာတဲ့” ဟုပြောသည်။

ဆိုင်ကယ်မောင်းနှင်လာသော အမျိုးသားမှာ ညာဘက်လက်မောင်း အရိုးကျိုးခဲ့ပြီး ဦးခေါင်းနောက်စေ့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သောကြောင့် အသက်အန္တာရာယ်စိုးရိမ်ရကြောင်း လူမှုကူညီရေးအသင်း၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဒဏ်ရာရတာက ဘယ်ဘက်နဲ့ ညာဖက် နောက်စေ့နှစ်ခုစလုံး ဦးခေါင်းခွံပျော့အိပြီး ထိခိုက်သွားတယ်။ အတွင်းကြေဒဏ်ရာလို့ ပြောလို့ရတယ်။ ပြီးရင် နားကလည်း သွေးထွက်တယ် အခြေအနေက စိုးရိမ်ရတယ်၊ လက်မောင်းရိုးရော ကျိုးသွားတယ်၊ တခြားဒဏ်ရာရတော့ မရှိဘူး” ဟုပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူမှာ မိုးညှင်းမြို့ရှိ လမ်းဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေသူ အသက် ၁၉ နှစ်ခန့်အရွယ်ရှိ မောင်ရဲလင်းနိုင်သူ ဆိုသူဖြစ်ပြီး မိသားစုများနှင့်လည်း အဆက်အသွယ်ရရှိပြီဖြစ်ကြောင်း သိရသည်။

၁၂ ဘီးကားမောင်းနှင်သူကလည်း ထိခိုက်ဒဏ်ရာရသူကို တာဝန်ယူဆောင်ရွက်ပေးပြီး မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့ကလည်း လီဒိုလမ်းမကြီးပေါ်ရှိ နမ္မတီးမြိုနှင့် ဒွန်ဘုန်းခကျေးရွာအနီးတွင် အေဒီဗင်ကားတစ်စီး အရှိန်လွန်တိမ်းမှောက်ကာ အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ကျန်တစ်ဦးက ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

သတင်း – Pan Soon

ဓာတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ကချင်ပြည်နယ်၊ မြစ်ကြီးနား)

သင့်ထင်မြင်ချက်ရေးပေးပါ