စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှ ထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုရှိကြောင်း သိရသည်။

ကသာမြို့နယ်၊ ပန်းသေးကျေးရွာအနီးတွင် ယနေ့ နံနက်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလိုက်လာသည့် အိမ်စီးကားနှစ်စီးကို ဒေသကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ကသာဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဒီကနေ့ မနက် ကသာအောက်ဘက်က ပန်းသေးရွာမှာ ကိုယ်ပိုင်ကားလေးနဲ့စီးလာတာကို မိုင်းဆွဲပစ်လိုက်တာ ပန်းသေးရွာကိုဝင်ပြီး မီးရှို့ထားခဲ့တာ စကစ(စစ်ကောင်စီ)တွေက” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပန်းသေးကျေးရွာမှ နေအိမ်သုံးလုံး မီးလောင်ပျက်စီးခဲ့ကြောင်းသူကပြောသည်။

အလားတူ စစ်ကောင်စီယာဉ်တန်းကို လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အင်းတော်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ယမန်နေ့က အင်တော် – ကသာလမ်းပိုင်းတွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း Indaw Revolution IR ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“မနေ့တုန်းက နှစ်ကြိမ်၊ နှစ်နေရာဖြစ်တာပေါ့နော်။ မနေ့တုန်းက ညနေလေးနာရီလောက်မှာဖြစ်တဲ့ဟာကျတော့ စစ်ကောင်စီတွေ သေတယ်တဲ့။ လေးငါးယောက်လောက်လဲကျကုန်တာတဲ့။ တစ်ယောက်ဆိုရင် သေနတ်နဲ့ပစ်လို့ဒဏ်ရာရပြီး သူ့ကိုလာကယ်ဖို့ အော်နေတာတွေပါ ကြားရတယ်တဲ့” ဟုပြောသည်။

အဆိုပါတိုက်ပွဲတွင် ထိခိုက်သေဆုံးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကသာမြို့အခြေစိုက် (၃၀၉) တပ်သို့ သယ်ဆောင်သွားကြောင်း သိရသည်။

အင်းတော် – ကသာလမ်းပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦးထက်မနည်း သေဆုံးသည်ဟုဆိုသော်လည်း The 74 Media အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့က အင်းတော်မြို့နယ်နှင့် ထီးချိုင့်မြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်းသိရသည်။

သတင်း – Yu San

ဓါတ်ပုံ – စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်(ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ