စစ်ကောင်စီတပ်က အတွင်းသတင်းပေါက်ကြားသည်ဟုဆိုကာ ယနေ့နံနက် ၉ နာရီခန့်က မင်းကင်းမြို့နယ်၊ ကြာပင်ရွာမှ ဒေသခံပြည်သူ သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ပျူစောထီးတပ်ဖွဲ့က မီးရှို့ထားသည့် စာသင်ကျောင်းကို စစ်ကောင်စီက အသစ်ပြန်လည်ဆောက်လုပ်ရန် စီစဉ်နေသည်ကို PDF များထံ သတင်းပေးသည်ဟုဆိုကာ ဒေသခံပြည်သူသုံးဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“စာသင်ကျောင်းကိုပေါ့နော် စစ်ကောင်စီနဲ့ ပျူစောထီးတွေက မီးရှို့လိုက်တယ်။ ပြီးရင် PDFတွေ လုပ်တယ်ဆိုပြီး ညိုးချတာပေါ့။ ကိစ္စအတိအကျကိုမှ PDF တပ်ဖွဲ့တွေကို အတွင်းသတင်း သိနေတဲ့ သူတွေက ပြောပြလိုက်တာ။ အတွင်းသတင်းပေါက်ကြားတယ်ဆိုပြီး ဖမ်းတာ” ဟုပြောသည်။

ကျောင်းဆောင်အသစ်ပြန်လည်ဆောက်လုပ်ရန်လုပ်ဆောင်ခြင်းမှာ စစ်ကောင်စီတပ်၏ ပုံရိပ်ကောင်းကို ပြလိုသောကြောင့်ဖြစ်ပြီး ဖမ်းဆီးခံရသူသုံးဦးမှာ ဂုံးညင်းကျေးရွာမှ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးဖြစ်ကြောင်း သူကဆက်ပြောသည်။

အဆိုပါကျောင်းတည်ရှိရာ တောင်တွင်းဒေသ ကြာပင်ကျေးရွာသို့ ယနေ့နံနက်က စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ရောက်ရှိခဲ့ကြောင်း ကြာပင်ကျေးရွာဒေသခံများနှင့်နီးစပ်သူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“အဲ့ရွာနဲ့ တောင်တန်းပဲခြားတာ မဝေးဘူး။ မနက်က လေယာဉ်တစ်စီးရွာပေါ်က ဖြတ်ပျံသွားတယ်။ ဘာသတင်းတွေ ကြားရဦးမလဲမသိဘူး။ အဲ့ဘက်ရော၊ ကနီနယ်ရော ဆက်သွယ်ရေးတွေက ဖြတ်ထားတော့ သတင်းက အချိန်နဲ့ တပြေးညီရဖို့မလွယ်ဘူးရယ်” ဟုပြောသည်။

ကြာပင်ကျေးရွာနှင့် ကျော်ကျေးရွာသည် ပျူစောထီးများ တပ်စွဲထားသော နေရာဖြစ်ကြောင်း သူကဆက်ပြောသည်။

အဆိုပါကြာပင်ကျေးရွာတွင် စစ်ကောင်စီတပ်များတပ်စွဲထားသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်ပြီး ယနေ့နံနက်အစောပိုင်းတွင်လည်း စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် စာသင်ကျောင်းသို့ ရောက်ရှိခဲ့ကြောင်း People Defense Force Taung Dwin Region – Mingin က ထုတ်ပြန်ထားသည်။

ရဟတ်ယာဉ်ဆင်းရသည့်အကြောင်းအရင်းမှာ ပျူစောထီးများ မီးရှို့ဖျက်ဆီးခဲ့သည့် စာသင်ကျောင်းကို သိန်းငါးထောင်ခန့် ပရောဂျက်ဖြင့်အသစ်ပြန်လည်ဆောက်လုပ်ရန် ရောက်ရှိလာခြင်းဖြစ်ပြီး ယခုပြန်လည်ဆောက်လုပ်မည့် ကျောင်းကော်မတီအဖွဲ့တွင် ပါဝင်သူအချို့မှာ ကျောင်းမီးရှို့ခဲ့သည့် ပျူစောထီးတပ်ဖွဲ့ဝင်များဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ ပျားသုံးကျေးရွာရှိ စစ်ကောင်စီတပ်ကို မတ်လ ၆ ရက်နေ့ကလည်း People Defense Force Taung Dwin Region – Mingin က ၈၀ မမဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သတင်း – Nan Non

ဓါတ်ပုံ – people defense force Taung Dwin Region – Mingin

သင့်ထင်မြင်ချက်ရေးပေးပါ