စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာ(ခ)ပန်းလှိုင်ရွာတွင် ယမန်နေ့ နေ့လယ် ၁၂နာရီက စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့က ပလိုင်းကျေးရွာအပြင်ဘက် လယ်တောအနီးနေထိုင်သည့် အရပ်သားများရှိရာနေရာသို့ စနိုက်ပါသေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း ရွှေဘိုပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“တောထဲက တဲတိုက်မှာထိုင်နေတဲ့ ပြည်သူငါးဦးကို စနိုက်ပါနဲ့လှမ်းပစ်တာ ပြည်သူတစ်ဦးလည်ပင်းကျည်ထိမှန်ခဲ့ပါတယ်။ လူနာကို ရဲဘော်တွေက ကယ်ထုတ်ခဲ့ပြီး အချိန်မှီ ဆေးခန်းပို့ပေးခဲ့ပေမယ့် အသက်မမှီတော့ပါဘူး” ဟုပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသည့် အမျိုးသမီးမှာ ပလိုင်းကျေးရွာ‌ဒေသခံ အသက် ၅၃ နှစ်အရွယ် ဒေါ်စန်းနုဆိုသူဖြစ်ပြီး လည်ပင်းကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

ပစ်ခတ်ခံရသည့်အမျိုးသမီးကို သွားရောက်ကယ်ထုတ်စဉ် ရွှေဘိုဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ပလိုင်းကျေးရွာ စာသင်ကျောင်းတွင်တပ်စွဲထားသည့် စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းတပ်ဖွဲ့သည် ပြီးခဲ့သည့် မတ်လ ဒုတိယအပတ်ကစပြီး ပလိုင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများကို လိုက်လံမီးရှို့ဖျက်ဆီးနေကြောင်း ရွှေဘိုဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“ပလိုင်းရွာကနေ နေ့တိုင်းပဲ အင်အား ၂၀နဲ့ ထွက်ထွက်ပြီးတော့ ပလိုင်းရဲ့အနီးအနားကရွာတွေကို လိုက်ပြီးလိုက်ရှို့၊ မီးရှို့ပြီးပစ္စည်းတွေယူတယ်ပေါ့။ ပြီးရင်ပလိုင်းရွာထဲ ပြန်ပြန်ဝင်သွားတယ်” ဟုပြောသည်။

ရွှေဘိုမြို့နှင့် ကိုးမိုင်ခန့်အကွာတွင်တည်ရှိသော ပလိုင်းကျေးရွာတွင် အိမ်ခြေတစ်ထောင်ကျော်ရှိပြီး ဒေသခံဦးရေ သုံးထောင်ကျော်နေထိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ၂၀ ရက်နေ့က ရွှေဘိုမြို့နယ် ကန်တော်ရိုးကျေးရွာကို စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် နေအိမ်နှစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

သတင်း – Yu San

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ