ကရင်နီပြည်နယ် ဒီး‌မော့ဆိုမြို့နယ် တနီးလာလဲကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီးအပါအဝင် သုံးဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့က တနီးလာလဲကျေးရွာအနီး နှစ်နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ – ၅၁၃)မှ ဗိုလ်ကြီး ရဲဇော်ထွေးအပါအဝင် သုံးဦးသေဆုံးခဲ့သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း ၉ (KNDF – Bo9) ၏ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးလာတာပါ။ တိုက်ပွဲဖြစ်နေတာ ဒီနေ့ထိဆို ၁၅ ရက်ရှိနေပီဗျ။ သေတာက များတယ်ဗျ။ အလောင်းတော့ ၃ လောင်းလောက်ပဲ တွေ့ခဲ့တယ်။ အဲ့နေ့က တုတ် ၂လက် (သေနတ်) လည်း သိမ်းဆည်းရမိတယ်ဗျ” ဟုပြောသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းချိန်တွင် စစ်ကောင်စီစစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းအချို့ နှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သူက ပြောသည်။

ကရင်နီပြည်နယ်တွင် တိုက်ပွဲများပြင်းထန်နေသောကြောင့် လက်နက်ကျည်ဆံ အကူအညီလိုအပ်ချက်များရှိနေသောကြောင့် “ထိုးစစ်ခံစစ် လှပဖို့ကျည်ဆံများနှင့်အားဖြည့်စို့” Project 3 တွင် ပါဝင်ကူညီပေးစေလိုသည်ဟု သူက ဆက်ပြောသည်။

တနီးလာလဲကျေးရွာအနီးတွင် ကရင်နီကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့ကစပြီး တိုက်ပွဲပြင်းထန်နေကြောင်းသိရသည်။

စစ်ကောင်စီစစ်ကြောင်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၉၊ တပ်ရင်း ၅၊ တပ်ရင်း ၇ နှင့် ကရင်နီတပ်မတော် (KA) တို့ ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့က ဒီးမော့ဆိုမြို့နယ် တနီးလာလဲကျေးရွာအနီးတွင် ကရင်နီကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထက်မနည်း သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်။

သတင်း – Ma Di

ပုံ – KNDF တပ်ရင်း ၉

သင့်ထင်မြင်ချက်ရေးပေးပါ