စစ်ကောင်စီစစ်ကြောင်းရောက်ရှိလာချိန် ရွာတွင်ပိတ်မိနေသည့် မြောင်ဒေသခံနှစ်ဦး ယမန်နေ့က သတ်ဖြတ်ခံရကြောင်း ဒေသခံများထံက သိရသည်။

အင်အား ၁၅၀ ခန့်ရှိသော စစ်ကောင်စီ ဘီလူးစစ်ကြောင်းက မြောင်မြို့နယ်နှင့် ရေစကြိုမြို့နယ်အစပ်ရှိ မီးလောင်ကျွန်းကျေးရွာတွင် ယမန်နေ့ နေ့လယ် ၃ နာရီခန့်က ဒေသခံနှစ်ဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ဒေသခံပူးပေါင်းတပ်ဖွဲ့နှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ကြောင်းထိုးရင်းနဲ့ ရွာမှာမိတာပေါ့။ အဲ့ဒါအရပ်သားပြည်သူတွေကို သတ်သွားတာ။ ဘီလူးစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်တယ်။ ဘယ်နှယောက်သေတယ်တော့ အတည်မပြုနိုင်ဘူး။ စစ်ကြောင်းတိုက်တာဆိုတော့ သူတို့(စစ်ကောင်စီ)အလောင်းတွေကို မီးရှို့နေတာတော့ မြင်ရတယ်ပေါ့” ဟုပြောသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းမှာ လက်ရှိအချိန်တွင် ကျောက်ရစ်စခန်းနှင့် တစ်မိုင်ခန့်အကွာတွင် တပ်စွဲထားကြောင်း သူကဆက်ပြောသည်။

နှစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲတွင် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် မြင်းခြံခရိုင်တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အဆိုပါစစ်ကောင်စီစစ်ကြောင်းက ပန်ညိုကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး ထိုကျေးရွာနှင့် အနီးတစ်ဝိုက်တွင်‌ နေထိုင်သည့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ယမန်နေ့ည ၉ နာရီခွဲခန့်ကလည်း စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်းက ကျောက်ရစ်စခန်းအနီးရှိ သရက်သာကျေးရွာကို ဝင်ရောက်ခဲ့သဖြင့် ပြည်သူ ၂၀၀ ခန့်ပိတ်မိနေကြောင်း ဗိုလ်တောက်ထွန်းအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်ပြီး ညမိုးချုပ်တော့ စစ်ကြောင်းကထိုးလာတယ်။ ဗြုန်းစားကြီးဝင်လာတာဆိုတော့ ပြည်သူတွေ ပိတ်မိတာတော့ တော်တော်များတယ်ပေါ့။ ဒါပေမဲ့ တချို့ကြတော့ ထွက်ရတာတော့ရှိတယ်” ဟုပြောသည်။

စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်းက မတ်လ ၁၆ ရက်နေ့ကလည်း မြောင်မြို့နယ်မှ ဒေသခံပြည်သူနှစ်ဦးကို ပစ်သတ်ခဲ့ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းသွားခဲ့ကြောင်း သိရသည်။

သတင်း – Nan non

ဓါတ်ပုံ – ပေးပို့ (ယမန်နေ့က ပန်းညိုကျေးရွာ မီးရှို့ဖျက်ဆီးခံနေရသည်ကို တွေ့ရစဉ်)a

သင့်ထင်မြင်ချက်ရေးပေးပါ