စစ်ကောင်စီတပ်

စစ်ကောင်စီယာဉ်တန်းကို ဖလမ်းမြို့နယ်ရှိ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် ရှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁ ဦးသေဆုံးခဲ့ပြီး ကားတစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ် ၁၂ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း တိုက်မိုင်း၊ ပဒေသာမိုင်းတို့ဖြင့် နေရာလေးခုတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ခြောက်ကြိမ်ခြုံခိုတိုက်ခိုက်ခဲ့ကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း CNDF မှ ပြောရေးဆိုခွင့်ရှိသူ ကိုဆလိုင်းချုန်ငိုင်းက The 74 Media ကိုပြောသည်။

“တိုက်ပွဲဝင်တဲ့ရဲဘော်တွေရဲ့ သတင်းပေးပို့အချက်ရ စကစ(စစ်ကောင်စီ)သေဆုံးမှုကို အတည်ပြုနိုင်တာပါ။ မြေပြင်မှာ မိုင်းဆွဲတဲ့အချိန် တစ်စစီဖြစ်သွားတာတွေ၊ ပစ်လို့သေတဲ့ဟာတွေကိုမြုပ်ထားတာ မျက်မြင်ကိုယ်တွေ့ တွေ့ရတယ်” ဟုပြောသည်။

သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများမှာ ကျည်တောင့် ၁၇၀၊ လက်ပစ်ဗုံး တစ်လုံး၊ နင်းမိုင်း တစ်လုံး၊ အီနာဂါဗုံးသီးတစ်လုံးနှင့် အခြားပစ္စည်းများလည်း ပါဝင်ကြောင်း သိရသည်။

ရှစ်ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည့် ကျေးရွာများမှာ ဖလမ်းမြို့နယ် ဗားလုံးကျေးရွာ၊ ဇောင်လေးကျေးရွာ၊ ပါရ်သဲကျေးရွာ နှင့် ကြောင်ဟဲကျေးရွာ – စီဇာမွာလ်ကျေးရွာတို့ဖြစ်ပြီး အဆိုပါတိုက်ပွဲတွင် CNDF၊ CNA၊ CDF – Hualngoram တို့ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

ဖလမ်းမြို့နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စု ၈၄၀၀ ခန့်ရှိပြီး လူဦးရေ လေးသောင်းကျော်နေထိုင်သည်။

သတင်း – Pu Noi Tsawm

သင့်ထင်မြင်ချက်ရေးပေးပါ