စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မြကန်ကျေးရွာကို ယနေ့ နံနက် ခုနှစ်နာရီခွဲခန့်က စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်စီးနင်းပြီး နာမကျန်းဖြစ်နေသော အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အင်အား ၃၀ ခန့်ပါဝင်သော စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းက မြကန်ကျေးရွာကို လက်နက်ကြီးလက်နက်ငယ်များ ပစ်ခတ်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု Khin U Specialforce Organization – KSO ၏ ဝာာဝန်ခံက The 74 Media ကိုပြောသည်။

“ကျွန်တော်တို့ စစ်ဆေးရေးဝင်နေကြတုန်းပေါ့နော်။ အိမ်တွေ မီးရှို့သွားတယ်။ လူတစ်ယောက် သေနတ်ဒဏ်ရာတော့မပါဘူး။ ဒါပေမဲ့ သေနတ်ဒင်နဲ့ မျက်နှာမှာ ရိုက်ခွဲထားတဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ သေဆုံးနေတဲ့ တစ်ယောက်ကိုတော့တွေ့တယ်ပေါ့နော်” ဟု ပြောသည်။

သတ်ဖြတ်ခံရသော အမျိုးသားမှာ အသက် ၆၅ နှစ်အရွယ် ဦးညိုတင်ဟုခေါ်ပြီး ကျန်းမာရေးအခြေအနေကြောင့် မြကန်ကျေးရွာတွင် ကျန်ရစ်ခဲ့ချိန် သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု သူကပြောသည်။

မြကန်ကျေးရွာတွင် မီးရှို့ဖျက်ဆီးခံခဲ့ရသော နေအိမ်စုစုပေါင်း အရေအတွက်ကို မသိရှိရသေးပါ။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးလာသောကြောင့် မြကန်ကျေးရွာအပါအဝင် အင်းပတ်ကျေးရွာ၊ ကုန်းသာကျေးရွာ၊ မြကန်ကျေးရွာနှင့် ချမ်းသာကုန်းကျေးရွာရှိ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြောင်း စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။

“စစ်ရှောင်တွေကတော့ မနက်ခင်းတည်းက ခြောက်နာရီကတည်းက ပြေးနေကြတာဆိုတော့ အစာရေစာပြတ်ပြီး ထမင်းမစားရတဲ့သူတွေလည်းရှိတယ်ပေါ့။ နေစရာအခက်အခဲဖြစ်နေတဲ့သူတွေရှိတယ်ပေါ့နော်။ တောတွေထဲမှာ ဒီတိုင်းလဲနေတဲ့သူတွေလည်းရှိတယ်ပေါ့နော်” ဟု ပြောသည်။

လက်ရှိတွင် မြကန်ကျေးရွာအပါအဝင် အခြားကျေးရွာများမှ ဒေသခံ ငါးထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရသည်။

ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခင်ဦးမြို့နယ် ကလုံကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၈ နှစ်အရွယ် စစ်ရှောင် မိန်းကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့သည်။

သတင်း – Ma Di

ပုံ – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

သင့်ထင်မြင်ချက်ရေးပေးပါ