စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးမှုပြုလုပ်နေသည့် ဖားကန့်မြို့ မြို့မရပ်ကွက်ရှိ ဥရုရတနာကျောက်စိမ်းတောင် တံတားထိပ်တွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်က ပြည်သူသုံးဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

အင်အား ၂၀ ကျော်ခန့်က လမ်းသွားလမ်းလာပြုလုပ်နေသည့် ဒေသခံပြည်သူများကို စစ်ဆေး၊ မေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု စစ်ဆေးမေးမြန်းခံခဲ့ရသူတစ်ဦးက The 74 Media ကိုပြောသည်။

“တူးဘောက်တွေလှန်ခိုင်းတယ်။ ဘယ်သွားမှာလည်းမေးတယ်။ ကျွန်တော်ကိုစစ်နေတုန်း သူတို့ကင်းတဲဘက်ကိုကြည့်လိုက်တာ သုံးယောက်ဟုတ်တယ် သူတို့ဖမ်းထားတာ” ဟုသူကပြောသည်။

ဖမ်းဆီးခံရသည့်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ခေါ်ဆောင်သွားကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

“ဘာတွေ့သွားလို့လည်း မသိဘူး တစ်ခါတည်းခေါ်သွားတာ။ ကြည့်ရတာ မူးယစ်ဆေးမဟုတ်ရင် ဖောက်ခွဲရေးနဲ့ဆိုင်တဲ့ မီးကြိုးတွေတွေ့လို့နေမှာ သူတို့မသင်္ကာလို့လည်းနေမှာပေါ့။ ဖမ်းသွားတာတော့တွေ့တယ် ဘယ်ကိုခေါ်သွားလည်းတော့မသိဘူး” ဟုသူကပြောသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖြတ်သွားဖြတ်လာပြည်သူများကို မကြာခနစစ်ဆေးမေးမြန်းမှုများ ပြလုပ်လေ့ရှိပြီး ဆိုင်ကယ်တူးလ်ဘောက်တွင် ဝါယာကြိုးများ တွေ့ရှိပါက ဖမ်းဆီးမှုများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် ၂၀၂၂ ခုနှစ်မှစတင်ကာ တိုက်ပွဲဖြစ်ပွားမှုများ၊ လုပ်ကြံသတ်ဖြတ်မှုများ၊ ဖမ်းဆီးနှိပ်စက်စစ်ဆေးမှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်များက ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ ဆံသဆိုင်တစ်ဆိုင်ကို ဝင်ရောက်စီနင်းပြီး ဒေသခံရှစ်ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။

သတင်း – SK

သင့်ထင်မြင်ချက်ရေးပေးပါ