ဖားကန့်မြို့ ဆိပ်မူကျေးရွာအုပ်စုတွင် နေထိုင်သည့် ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ယမန်နေ့ညနေ ၄ နာရီခွဲခန့်က ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

အမည်မသိလက်နက်ကိုင်အဖွဲ့က ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးအောင်ဖေကို ကားတစ်စီးဖြင့် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ရပ်ကွက်နေဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“သေချာတော့မတွေ့လိုက်မိဘူး။ ကားပေါ်ခေါ်တင်သွားတာပဲမြင်လိုက်တယ်။ ဘာတွေလုပ်ထားလို့ ဖမ်းလည်းမှ မသိတာ။ ကိုယ်ကသွားတားဖို့ကလည်းကြောက်တယ်” ဟုသူကပြောသည်။

မတ်လအတွင်း ဖားကန့်မြို့တွင် ယခုကဲ့သို့ ဖမ်းဆီးခံရမှုများ မကြာခဏဖြစ်ပေါ်နေကြောင်း ရပ်ကွက်နေ အခြားဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဖားကန့်က ဘာမှန်းကိုမသိဘူး။ နည်းနည်းဆိုလည်း လက်နက်ကထုတ်ပြလိုက်ရမှ အခုလည်းကြည့် ဘယ်သူတွေက ဖမ်းလို့ဖမ်းမှန်းမသိဘူး။ အခုလထဲကို တော်တော်များနေပြီး ဖမ်းခံရတဲ့သူတွေက” ဟုသူကပြောသည်။

ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာအုပ်စု ကျောက်သွေးတောင်ရှိ ခန္တီးရာမကျောင်းတိုက်၏ ဂေါပကဥက္ကဋ္ဌ အသက် ၅၀ ကျော်ခန့်အရွယ်ရှိ ဦးတင်ဌေးကိုလည်း မတ်လ ၁၈ ရက် နံနက်အစောပိုင်းက အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားကြောင်းသိရသည်။

ရှမ်းနီ စာပေနဲ့ ယဉ်ကျေးမှုကော်မတီ နာယကဖြစ်သူ အသက် ၆၁ နှစ်ခန့်အရွယ်ရှိ ဦးသန်းဖေကိုလည်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က ဟောင်ပါးကျေးရွာတွင် အမည်မသိလက်နက်ကိုင် နှစ်ဦးက သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

သတင်း – SK

ဓါတ်ပုံ – The 74 Media

သင့်ထင်မြင်ချက်ရေးပေးပါ