နမ္မတူမြို့နယ်ရှိ ဘော်တွင်းသတ္တုတူးဖော်ရေးစီမံကိန်းအတွက် သတ္တုသယ်ဆောင်ရန် နှစ်ပေါင်း ၁၀၀ ကျော်ခန့်အသုံးပြုခဲ့သော မီးရထားလမ်းကို ဖျက်သိမ်းလိုက်ကြောင်း သိရသည်။

ကျားစခန်းမှ နမ္မတူမြို့သို့သွားသည့် မီးရထားလမ်း ဒေသအခေါ် ခရုပတ်လမ်းကွေ့အောက်မှ စတင်ကာ သံလမ်းများကို မတ်လ ၂၀ရက်နေ့တွင် ဖြုတ်သိမ်းပြီး ကားလမ်းဖောက်လုပ်တော့မည်ဟု ကျားစခန်းဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အရင်ရှေးခေတ်တုန်းကတော့ ဘော်ကျောက်တွေ ဘာတွေသယ်တာကတော့ အတွဲအရှည်ကြီးလိုက် တင်လို့ရတယ်လေ။ အခုကကျတော့ ရထားလမ်းကလည်း အဲ့လောက်အဆင်မပြေတော့ကြတော့ တစ်တွဲ၊ တစ်တွဲပဲ လာတာဆိုတော့ ပစ္စည်းသယ်ရအဆင်မပြေတော့ဘူးလေ။ အဲ့လိုဆိုတော့ အဲ့ဒါကိုဖြုတ်လိုက်ပြီးတော့ ကားလမ်းလုပ်လိုက်တော့မှာ” ဟုပြောသည်။

အဆိုပါ မီးရထားလမ်းကို နမ္မတူမြို့နှင့် ၁၄ မိုင်ခန့် အကွာတွင်ရှိသည့် ဘော်တွင်းသတ္တုတွင်းမှ ထွက်ရှိသည့် သတ္တုရိုင်းများကို ဘော်(ငွေစင်) ချက်လုပ်ရန် နမ္မတူစက်ရုံသို့ ရထားတွဲများဖြင့် ပို့ဆောင်ရန်အတွက် ၁၉၁၄ ခုနှစ်မှ စတင်ပြေးဆွဲခဲ့ခြင်းဖြစ်သည်။

ထိုသို့အသုံးပြုခဲ့သော မီးရထားလမ်းကို ၂၀၁၀ ခုနှစ်က ဝင်းမြင့်မိုရ် စက်မှုကုမ္ပဏီလိမိတက်က သတ္တုတူးဖော်ရေးလုပ်ငန်း စတင်လုပ်ကိုင်ချိန်မှစတင်ကာ အသုံးမပြုတော့ကြောင်း နမ္မတူမြို့နေ ပြည်သူတစ်ဦးက ပြောသည်။

“ဘော်တွင်းကနေ နမ္မတူကို ဘော်သတ္တုတွေသယ်တဲ့ မီးရထားလမ်း။ နောက်ပိုင်းသူတို့ကုမ္ပဏီတွေကို ရောင်းလိုက်ချိန် ရထားကမသုံးတော့ဘူးပေါ့။ ဒါပေမဲ့ ကျားစခန်းကလူတွေတော့ သုံးတယ် ဈေးသွားဈေးပြန်လေနော်။ ကားရထားတွေက စက်ရုံကလူတွေ ဈေးသွားတဲ့ချိန်မှာ ပြည်သူတွေကတော့ လိုက်လိုက်သွားကြတာပေါ့” ဟုပြောသည်။

မီးရထားလမ်းဖျက်သိမ်းတော့မည်ဆိုသဖြင့် ကျားစခန်းရှိဒေသခံများက နမ္မတူမြို့သို့ နောက်ဆုံး အမှတ်တရအဖြစ် စားနပ်ရိက္ခာများ လိုက်လံဝယ်ယူခဲ့ကြကြောင်း ကျားစခန်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“သူတို့(ကုမ္ပဏီ)က ကားလမ်းဖောက်မယ်လို့တော့ ပြောတာပဲ။ ဒီနေ့တော့ မလုပ်သေးဘူး။ ဒီနေ့ရထားတောင်ထွက်တယ်လို့ပြောတယ်။ ကျွန်မတို့ကစိတ်တော့ မကောင်းဘူးပေါ့ကွယ်။ ဒါပေမဲ့ မလွန်ဆန်နိုင်ဘူးပေါ့ကွယ်။ ဒေသခံတွေကတော့ နောက်ဆုံး အမှတ်တရဆိုပြီး နမ္မတူကို ဈေးဝယ်လိုက်ကြတယ်” ဟုပြောသည်။

နမ္မတူဘော်တွင်းသတ္တုတူးဖော် သန့်စင်ထုတ်လုပ်ရေးလုပ်ငန်းကို ဦးသိန်းစိန်လက်ထက် ၂၀၁၀ ခုနှစ်က သတ္တုတွင်းဝန်ကြီးဌာနမှ အေးရှားဝေါးလ်ကုမ္ပဏီလက်အောက်ခံ ဝင်းမြင့်မိုရ် စက်မှုကုမ္ပဏီလိမိတက်ကို ခဲနှင့် သွပ်သတ္ထုထုတ်လုပ်မှု မျှဝေရေး ၁၀ နှစ်သဘောတူစာချုပ်ချုပ်ဆိုပြီး လုပ်ကိုင်စေခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့သက်တမ်းအရှည်ဆုံးနှင့် ခဲသတ္တုအထွက်ဆုံး ဘော်တွင်းစီမံကိန်းကို ဝင်းမြင့်မိုရ် စက်မှုကုမ္ပဏီလိမိတက်၊ EAP Global Mining နှင့် ဩစတေးလျကုမ္ပဏီ MYL တို့က ပူးပေါင်းကာ Bawdwin Joint Venture (BJV) ကုမ္ပဏီအမည်ဖြင့် ဖက်စပ်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

ကန်ထရိုက်စာချုပ်သက်တမ်းကို ၂၀၁၅ ခုနှစ်က ၁၅ နှစ်အထိ တိုးမြှင့်ခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဩဂုတ်တွင် ဩစတေးလျကုမ္ပဏီ MYL က ဘော်တွင်းသတ္တုစီမံကိန်းမှ ရင်းနှီးမြှုပ်နှံမှုအားလုံးကို ဖက်စပ်လုပ်ကိုင်နေသော ဝင်းမြင့်မိုရ်ကုမ္ပဏီထံ အမေရိကန်ဒေါ်လာသန်း ၃၀ ဖြင့် ရောင်းချခဲ့သည်။

ကမ္ဘာပေါ်တွင် အကြီးဆုံးသော သတ္တုမိုင်းတွင်းတစ်ခုဖြစ်ခဲ့သည့် ဘော်တွင်းသတ္တုတွင်းကို ၁၃ ရာစုနှစ်ခန့်ကပင် တရုတ်များက တွေ့ရှိကာ သတ္တုတူးဖော်ကျိုချက်ရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြသည်ဟု အီတလီခရီးသွားတစ်ဦးဖြစ်သူ မာကိုပိုလို၏မှတ်တမ်းများ အရ တွေ့ရှိရကြောင်း သိရသည်။

ကျားစခန်း ဘော်တွင်းသတ္တုတွင်းသည် နမ္မတူမြို့ နှင့် ဘော်တွင်းအကြားတွင်တည်ရှိပြီး ၁၉၀၄ ခုနှစ်က အမေရိကန်နိုင်ငံ၏ ၃၁ ဦး မြောက် သမ္မတဖြစ်သည့် ဟားဗတ်ဟူးဗားက ထိုနေရာတွင် ကျားခြေရာကို တွေ့ရှိခဲ့ရာမှ ကျားစခန်းဟု အမည်တွင်ခဲ့ကြောင်းသိရသည်။

သတင်း – Nan non

ဓါတ်ပုံ – credit

သင့်ထင်မြင်ချက်ရေးပေးပါ