စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ ဆမားဇုံနယ် အထွေထွေအတွင်းရေးမှူး ယနေ့  ညနေ ၄ နာရီခွဲခန့်က ပြန်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်နေ့ ညက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးသွားသည့် သိက္ခာတော်ရဆရာ ခလမ်ဂွမ်ဖန်လတ် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း KBC မှ ဓမ္မဆရာတစ်ဦးက  The 74 Media ကိုပြောသည်။

“ဘယ်နေရာက လွတ်လာတာတော့မသိတော့ဘူး။ အချုပ်ကထင်တယ် လွတ်လာတာက။ တရားစွဲဆိုတာတွေ ဘာမှမရှိဘဲ လွတ်ပေးလိုက်တဲ့သဘောရှိတယ်။ ကျန်းကျန်းမာမာနဲ့ရောက်လာတယ်” ဟုပြောသည်။

သိက္ခာတော်ရဆရာ ခလမ်ဂွမ်ဖန်လတ်ကို ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) မှတစ်ဆင့် ဆမာဇုံနယ်ရုံးခွဲသို့ လာရောက်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ဆမားဇုံနယ်မှ ဓမ္မအမှုတော်ဆောင်ဆရာတစ်ဦးက ပြောသည်။

“ဆရာလွတ်မြောက်လာတာ PCG က တစ်ဆင့်လာပို့ပေးတာဟုတ်တယ်။ ဆရာက ကျန်းကျန်းမာမာနဲ့ရောက်လာတယ်။ ဖမ်းဆီးတဲ့ ညမှာ အနည်းငယ်စစ်ဆေးတာတွေရှိတယ်တဲ့ နောက်ပိုင်းတော့ ဘာမှမလုပ်တော့ဘူးတဲ့” ဟုပြောသည်။

ဖမ်းဆီးသွားရသည့် အကြောင်းအရင်းကို မသိရသေးကြောင်းသူကပြောသည်။

သိက္ခာတော်ရဆရာ ခလမ်ဂွမ်ဖန်လတ်သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ရက်နေ့ညက မြစ်ကြီးနားမြို့ရှိ ဆွေမျိုးဖြစ်သူ၏ နေအိမ်တွင် လက်ဆောင်သွားပေးမည်ဟုဆိုကာ X-TRAIL ကားအဖြူဖြင့်ထွက်သွားရာမှ နေအိမ်သို့ ပြန်ရောက်မလာတော့ဘဲ ပျောက်ဆုံးသွားခြင်းဖြစ်သည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်( KBC) တွင် ဇုံနယ် ၁၉ ခုရှိပြီး ဆရာခလမ်ဂွမ်ဖန်လတ် တာဝန်ထမ်းဆောင်နေသော ဆမာဇုံနယ်သည် ဝိုင်းမော်မြို့နယ်နှင့် ကေအိုင်အေထိန်းချုပ်ဒေသမှ နယ်မြေအချို့ပါဝင်သည်။

သတင်း – Doi Awng

ဓါတ်ပုံ – KBC Kachin

သင့်ထင်မြင်ချက်ရေးပေးပါ