ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းနှင့် ကရင်နီတပ်မတော်(KA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့က ဒီးမော့ဆိုမြို့နယ် အရှေ့ဘက် တနီးလာလဲကျေးရွာအနီးတွင် ကရင်နီတပ်မတော်နှင့် စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ – ၅၁၃) တို့ ၁၂ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ (KnMIC) ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက The 74 Media ကိုပြောသည်။

“တိုက်ပွဲကတော့ တစ်နေကုန်နီးပါးဖြစ်တယ်။ ပြီးတော့ ဒီစစ်ကြောင်းက ဘောလခဲကနေ စစ်ကြောင်းထိုးလာတဲ့ တပ်တွေနဲ့ အောက်ဘက်မှာ ဆုံဖို့ပေါ့လေ ကျွန်တော်တို့ သုံးသပ်ချက်အရပေါ့။ သူတို့က ဒီဘက်က စစ်ရှောင်တွေအကုန်ပြန်ရှောင်သွားကြပြီဆိုတော့ အဲ့နေရာတွေကို နယ်မြေရှင်းလင်းဖို့လာရင်းနဲ့ တိုက်ပွဲဖြစ်သွားတာပေါ့” ဟုပြောသည်။

တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး ကရင်နီတပ်မတော်မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရှရိခဲ့သည်ဟု သူက ပြောသည်။

ပြီးခဲ့သည့် ‌မတ်လ ၁၄ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းက ရှားတောမြို့နယ် သံလွင်မြစ်အ‌ရှေ့ဘက်ရှိ ကရင်နီတပ်မတော် အခြေပြုစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့သည်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မတ်လ ခုနှစ်ရက်နေ့မှစပြီး စစ်ကြောင်း (၃) ကြောင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ဒေသခံပြည်သူနှင့် စစ်ရှောင် စုစုပေါင်း ငါးထောင်ထက်မနည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

သတင်း – Ma Di

ပုံ – KnMIC

သင့်ထင်မြင်ချက်ရေးပေးပါ