စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်နှင့် ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား ယနေ့ နံနက်ပိုင်းက တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

အင်းတော်မြို့နယ်၊ နဘားကျေးရွာအနီးတွင် ယနေ့ နံနက် ကိုးနာရီခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA)၊ KPDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီစစ်ကြောင်းတို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း Indaw Revolution IR ၏ ပြန်ကြားရေးတာဝန်ခံက The 74 Media ကိုပြောသည်။

“အဲ့ကောင်တွေက အင်းတော်ကနေတက်လာတာ။ အင်းတော်ကနေ ကသာ၊ ကသာကနေ မတ္တရာဘက်ကို ပြန်ဆင်းတဲ့အခါ ဖြတ်တိုက်ခံရတာပေါ့။ အသေအပျောက်ကတော့ အတိအကျတော့ မသိရဘူးပေါ့နော်။ အသေအပျောက်ကတော့ရှိမှာ ဖြတ်တိုက်တာဆိုတော့” ဟုပြောသည်။

အလားတူ ထီးချိုင့်မြို့နယ် ဇီးကုန်းကျေးရွာအနီးတွင် ထီးချိုင့်မြို့မှထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ထီးချိုင့်ဒေသပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ယနေ့ နံနက် ၆နာရီခန့်ကတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထီးချိုင့်ဒေသခံ သံဃာတော်တစ်ပါးက မိန့်သည်။

“နှစ်ဖက်ထိတွေ့မှုဖြစ်တဲ့အခါမှာ အထိအခိုက်တော့ရှိတယ်။ အသေအပျောက်တော့မသိရဘူး။ အရပ်သားတွေနဲ့ နည်းနည်းဝေးတဲ့နေရာမှာဖြစ်တာ။ လက်နက်ကြီးတွေနဲ့တော့ပစ်တယ်” ဟုပြောသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ကသာခရိုင်အတွင်းရှိ အင်းတော်မြို့နယ်၊ ဗန်းမောက်မြို့နယ်၊ ကသာမြို့နယ်နှင့် ထီးချိုင့်မြို့နယ်တို့တွင် စစ်ကောင်စီစစ်ကြောင်းများ လှုပ်ရှားနေကြောင်းသိရသည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့က ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ထီးချိုင့်ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့ရာ ပေါက်ကုန်းကျေးရွာမှ ဘုန်းကြီးကျောင်း ပျက်စီးခဲ့သည်။

သတင်း – Yu San

ဓါတ်ပုံ – RFA

သင့်ထင်မြင်ချက်ရေးပေးပါ