ဟိုပင်မြို့ မြသီတာရပ်ကွက်တွင် ယနေ့ ညနေသုံးနာရီခွဲခန့်က ဆန်စက်ဂိုထောင်ရုံအဆောက်အဦးဟောင်းတစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

မြသီတာရပ်ကွက်၊ ယူနီယံဆန်စက်ဝင်းအတွင်းရှိ သစ်ရွက်မီးရှို့ရာမှ ဂိုထောင်ရုံဟောင်းနှင့် နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အသက် ၂၀ နှစ်ခန့်အရွယ်ရှိ ဟိုပင်မြို့ခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အဲ့ဂိုထောင်ရုံဟောင်းရဲ့ အနောက်ဘက်မှာ ကုက္ကိုပင်တွေအများကြီးရှိတယ်၊ အဲ့သစ်ရွက်ခြောက်တွေကို မီးရှို့ရာကနေ မီးလောင်တယ်ပြောတယ်။ ဆန်ဂိုထောင်က မသုံးဘဲ ပစ်ထားတာကြာလှပြီ” ဟုသူကပြောသည်။

အဆိုပါမီးလောင်မှုကို ဟိုပင်မြို့နှင့် နန်းမားမြို့ရှိ မီးသတ်ကားများက လာရောက်မီးငြိမ်းသတ်ခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း အသက် ၃၀ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

“လူအထိအခိုက်ကတော့ မကြာမိသေးဘူး။ မီးသတ်ကားတွေကတော့ တော်တော်များတယ်” ဟုပြောသည်။

ဆန်စက်ဂိုထောင်ဟောင်းတစ်လုံးနှင့် နေအိမ်တစ်လုံးမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှု ရှိ၊ မရှိကို The 74 Media က သီးခြားအတည်ပြုနိုင်ရန်ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လကလည်း ဟိုပင်မြို့ မြို့သစ်ကလေးရပ်ကွက်ရှိ အထက်တန်းကျောင်းမှ နှစ်ထပ်ကျောင်းဆောင်တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်း – Nan Sandar Aye

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ