ကေအဲန်ယူတပ်မဟာ (၅) နယ်မြေတွင် ယခုလ ၁၅ ရက်အတွင်း တိုက်ပွဲ ၇၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဒုဗိုလ်တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၃၁ ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူမူတြော်သတင်းစဉ်က ယနေ့နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ၇၂ ကြိမ်ဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း ဒုဗိုလ်တစ်ဦးနှင့် ဒု-အရာခံဗိုလ်တစ်ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၁ ဦးသေဆုံးခဲ့ပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ကား သုံးစီးနှင့် ဆိုင်ကယ်တစ်စီးကိုလည်း တိုက်ပွဲအတွင်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်းများက ၁၅ ရက်အတွင်း ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများ၏ လယ်ယာနှင့် တောင်ယာများသို့ လက်နက်ကြီး အလုံး ၂၀ ခန့်ပစ်ခတ်ခဲ့သဖြင့် ပြည်သူလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ကလည်း စစ်ကောင်စီလက်အောက်ခံ ကတိုင်တိအခြေစိုက် ရဲစခန်းကို KNU တပ်မဟာ ၅ လက်အောက်ခံ (KNLA) တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းမှုးတစ်ဦးနှင့် ရဲမေတစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်တပ်မဟာ (၅) နယ်မြေအတွင်း ပြီးခဲ့သည့် ဇန်နဝါရီလက စစ်ကောင်စီတပ်၊ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF)နှင့် KNLA တပ်တို့ကြား တိုက်ပွဲပေါင်း (၁၇၈) ကြိမ် ဖြစ်ပွားခဲ့ကြောင်းသိရသည်။

သတင်း – Nan Non

ဓါတ်ပုံ – Karen National Union

သင့်ထင်မြင်ချက်ရေးပေးပါ