မြစ်ကြီးနားမြို့နယ် အင်ဆွပ်ဇွပ်ကျေးရွာအနီးတွင် ယမန်နေ့ ညနေ လေးနာရီခွဲအချိန်ခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလာသော ကားတစ်စီး ပျက်စီးသွားကြောင်း သိရသည်။

တုန်ဟုန်းကား ရှစ်စီးဖြင့်ထွက်ခွာလာသည့် အင်အား ၁၀၀ ကျော်ပါဝင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA တပ်မဟာ (၁)လက်အောက် တပ်ရင်း (၄) က တိုက်ခိုက်ခဲ့ကြောင်း KIA တပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့်အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ကောင်စီတွေ သူတို့ဆင်းလာမှာကိုစောင့်နေတဲ့ သဘောရှိတယ်၊ ကားအစုံပါတယ်၊ ကားသေးလည်းပါတယ်၊ ဆိုင်ကယ်တောင်ပါတယ်ရှေ့ပြေးပေါ့။ ကားတစ်စီးတော့ မီးခိုးထွက်နေတယ်လို့ပြောတယ်” ဟုပြောသည်။

KIA တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုခံရပြီးနောက် စစ်ကောင်စီယာဉ်တန်းနှင့်အတူ လူနာတင်ကားနှစ်စီးကိုတွေ့ခဲ့ရကြောင်း မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းမဘေးရှိ တန်ဖဲကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“လူနာတင်ကားကို တက်လာတာကမတွေ့လိုက်ရဘူး။ စစ်ကောင်စီယာဉ်တန်းနှင့်ဆင်းလာတာက ပြန်တွေ့ရတယ်။ ကျွန်တော်တို့ရွာကဖြတ်သွားတာ။ ကားကြီးက လေးစီးလောက်ပဲတွေ့လိုက်ရတယ်၊ စစ်သားတွေက အပြည့်ပဲကားထဲမှာ” ဟုပြောသည်။

အင်ဆွပ်ဇွပ်ကျေးရွာသည် တန်ဖဲကျေးရွာနှင့် တီယန်ဇွတ်ကျေးရွာကြားတွင်တည်ရှိသော ကျေးရွာဖြစ်သည်။

တိုက်ခိုက်ခံရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးခြင်းရှိ၊ မရှိကို The 74 Media ကမသိရှိရသေးပါ။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့ ညပိုင်းက ဆွမ်ပရာဘွမ်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းနှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ကြား တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – KIA တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ် (ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ