ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ် လိုင်ဇာမြို့အနီးရှိ ဂျယ်ယာန်စစ်ရှောင်စခန်းတွင် ယမန်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် နေအိမ်ဆုံးရှုံးခဲ့ရသော စစ်ရှောင်ပြည်သူများ အရေးပေါ်အကူအညီများလိုအပ်နေကြောင်း သိရသည်။

ဂျယ်ယာန်စစ်ရှောင်စခန်း အပိုင်း B တွင် ယမန်နေ့ မွန်းလွှဲ သုံးနာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် စုစုပေါင်း ၃၀ ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့သောကြောင့် အဝတ်အစား၊ စောင်နှင့် အစားအစာများ လိုအပ်နေသည်ဟု နေအိမ်မီးလောင်ဆုံးရှုံးခဲ့သော စစ်ရှောင်အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“သေတ္တာသုံးခုနဲ့ ဆန်သုံးအိတ်ကလွဲပြီး အကုန်မီးလောင်သွားပြီ။ တချို့က ဘာမှမရဘူး၊ အိုးခွက်ပန်းကန်ဘာတစ်ခုမှကို မကျန်ဘူး။ ခုကတော့ အိပ်စရာအိမ်လည်းမရှိတော့ဘူး။ စစ်ရှောင်ဒဏ်ခံနေရတဲ့ထဲမှာ မီးဒဏ်ပါခံနေရတော့ တော်တော်ခံစားနေရတာပေါ့ကွယ်။ အမျိုးသမီးနဲ့ကလေးတွေဆိုရင် သနားစရာ ဖိနပ်လည်းမရှိတော့ အင်္ကျီလဲဝတ်စရာလည်းမရှိတော့ အကုန်ငိုင်ပြီး စုထိုင်နေကြတယ်” ဟု ပြောသည်။

မီးဘေးသင့် စစ်ရှောင်ပြည်သူ စုစုပေါင်း ၁၇၇ ဦးသည် စားဝတ်နေရေး အခက်အခဲများကြုံတွေ့နေရကြောင်း အဆိုပါစစ်ရှောင်စခန်းမှ ဓမ္မအမှုဆောင် ဆရာတစ်ဦးက ပြောသည်။

“ခုက စောင်တွေ အင်္ကျီတွေ ဒါတွေအရေးကြီးတာပေါ့။ စားသောက်ကုန်တွေ၊ အဝတ်အစားတွေလည်း အကုန်ပါသွားကြပြီဆိုတော့လေနော်။ စစ်ရှောင်စခန်းဆိုတော့ နဂိုကဆို အလုပ်အကိုင်ဘာမှမရှိ ခက်တာထက်ပိုခက်တော့တာပေါ့။ အဲ့ကြောင့် အကူအညီတွေလည်း အများကြီးလိုတာပေါ့” ဟုပြောသည်။

စစ်ရှောင်စခန်းရှိ ကလေးတစ်ဦးဟင်းချက်ရာမှ ဂက်စ်အိုးမတော်တဆ မီးလောင်ပေါက်ကွဲမှုကြောင့် မီးလောင်ကျွမ်းသွားခဲ့ခြင်းဖြစ်ကာ လူထိခိုက်မှုမရှိကြောင်း သူကဆက်ပြောသည်။

မီးဘေးသင့် စစ်ရှောင်ပြည်သူများကို စစ်ရှောင်စခန်း၏ အလယ်တန်‌ကျောင်းနှင့် မူလတန်းကျောင်းတွင် နေရာချထားသည်။

ဂျယ်ယာန်စစ်ရှောင်စခန်းသည် ၂၀၁၁ ခုနှစ် ကချင်ဒေသ တစ်ကျော့ပြန်တိုက်ပွဲကြောင့် တည်ထောင်ခဲ့သော စစ်ရှောင်စခန်းတစ်ခုဖြစ်ပြီး အိမ်ခြေစုစုပေါင်း တစ်ထောင့်ငါးရာကျော်ရှိကြောင်း သိရသည်။

သတင်း – Ma Di

ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ