စစ်ကောင်စီတပ်ဖွဲ့ဝင်များများ တိုက်ခိုက်ခံခဲ့ရသည့် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မျောက်ကုန်းတပ်ရင်း ၂၈ အနီးရှိ ဒေသခံများ၏နေအိမ်များလွန်ခဲ့သည့်နှစ်ရက်က ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့်က ဘက်ဟိုးယာဉ်များအသုံးပြုကာ ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး နေအိမ်အလုံး ၂၀ ခန့် ဖျက်ဆီးခံခဲ့ရသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ရုတ်တရက်ကြီးရောက်ချလာတော့ ပြေးရတာပေါ့။ အဝေးကနေပဲ သူတို့ ဖြိုနေတာကို ကြည့်နေရတော့တယ်။ ရင်တထိတ်ထိတ်နဲ့ ဘာမှကိုယူချိန်မရလိုက်ဘူး” ဟုသူကပြောသည်။

နေအိမ်များကိုဖျက်ဆီးနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများကို ရွာအတွင်းမဝင်ခိုင်ဘဲ ရွာအတွင်း ကျန်ရှိနေသူများကိုလည်း မောင်းထုတ်ခဲ့ကြောင်း အိမ်ဖျက်ဆီးခံခဲ့ရသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဘာမှလည်းမရှိတော့ဘူး။ လူစိတ်မရှိကြတာပါဗျာ ဘုရားပုံတွေလောက်ပဲရှိတော့တယ်။ အကုန်ရိုက်ဖျက်ကုန်တာ စီးပွားရေးကအဆင်မပြေပါဘူးဆို ဘာလုပ်လို့လုပ်ရမှန်း မသိတော့ဘူး” ဟုသူကပြောသည်။

ဒေသခံများ၏နေအိမ်ဖျက်ဆီးခံခဲ့ရသည်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) က တိုက်ခိုက်ခဲ့ရာတွင် ထိခိုက်သေဆုံးမှုများရှိခဲ့သောကြောင့်ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာအုပ်စုတွင် မတ်လ ၁၈ ရက် နံနက်အစောပိုင်းက ဂေါပကဥက္ကဋ္ဌတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ကျောက်သွေးတောင်ရှိ ခန္တီးရာမကျောင်းတိုက်၏ ဂေါပကဥက္ကဋ္ဌကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“သူကတော့ ဂေါပကလူကြီးဆိုတော့ အိမ်နဲ့ ဘုရားပဲသွားတာများပါတယ်။ လမ်းမှာပဲခေါ်သွားတယ်လို့ ကျွန်တော်တို့ကြားတယ်။ တချို့ကလည်း အိမ်မှာလာခေါ်တယ်လို့ပြောတယ်။ အတိကျတော့ ကျွန်တော်တို့ အတည်မပြုရသေးဘူး။ ဖမ်းသွားတာတော့ဟုတ်တယ်” ဟုပြောသည်။

ဖမ်းဆီးခံခဲ့ရသူမှာ အသက် ၅၀ ကျော်ခန့်အရွယ်ရှိ ဦးတင်ဌေးဆိုသူဖြစ်ပြီး လက်ရှိအချိန်ထိ အဆက်သွယ် မရသေးကြောင်း ဒေသခံအခြားအမျိုးသားတစ်ဦးက ပြောသည်။

“ဘယ်မှ လိုက်လည်းမရသေးဘူး။ ရွာထဲမှာပဲဖမ်းခံရတာ။ ဘာကြောင့်ဖမ်းခံရတာလည်းတော့ မသိဘူး။ မြင်သလောက်ဆိုရင်က ဘယ်သူနဲ့ ဖြစ်ဖြစ်တည့်အောင်နေတယ်။ အဆင်ပြေအောင်ပေါင်းတယ်။ သွားတယ်လာတယ်။ ဘယ်အဖွဲ့ ကဖမ်းသွားတာလည်းမသိရဘူး” ဟုပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်များက ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ ဆံသဆိုင်တစ်ဆိုင်ကို ဝင်ရောက်စီနင်းပြီး ဒေသခံရှစ်ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။

သတင်း – SK, Nan Non

 

သင့်ထင်မြင်ချက်ရေးပေးပါ